ချန်ပီယံဆုအတွက် Sana နှင့်ယှဉ်ပြိုင်ရန်အပြည့်အဝအာရုံစိုက်ထားသည့် Giorgio Petrosyan

one_001.jpg

Giorgio Petrosyan

အီတလီကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Giorgio “The Doctor” Petrosyan သည် သြဂုတ်လ (၁၆) ရက်က ဘန်ကောက်တွင်ပြုလုပ်သော ONE: DREAMS OF GOLD ပြိုင်ပွဲ၌ အိမ်ရှင်ထိုင်းကစားသမား “Smokin” Jo Nattawut ကို အလဲထိုးအနိုင်ယူကာ ONE ဖယ်သာဝိတ်တန်း Kick Boxing ဂရင်းပရီဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။

မီလန်မြို့သား Petrosyan သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ပြုလုပ်မည့် ONE: CENTURY ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဖြစ် ပြင်သစ်ကစားသမား Samy “AK 47” Sana နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အနိုင်ရသူကို ONE Championship က ဆုကြေး အမေရိကန်ဒေါ်လာ (၁) သန်းaပးအပ်သွားမည်ဖြစ်ရာ နှစ်ယောက်စလုံးအတွက် အခွင့်အလမ်းဆတူရှိနေသည်။

Giorgio Petrosyan

Giorgio Petrosyan

အသက် (၃၃) နှစ်အရွယ် Petrosyan သည် တိုကျိုမြို့တွင်ယှဉ်ပြိုင်ချိန်တွင် ၎င်းအနိုင်ရရန်ရေပန်းစားနေသည်ဟု ယူဆနေကြသော်လည်း သံသယရှိနေသူများလည်းထွက်ပေါ်လာခဲ့သည်။ ၎င်းသည် Nattawut နှင့်ပွဲတွင် ပထမအချီမှာပင် ပြင်းထန် အားပါသောဘယ်ထောက်လက်သီးကြောင့် အံ့အားသင့်စရာနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ သို့သော်လည်း ယခုလို အလွယ်တကူ နိုင်ပွဲရယူနိုင်မည်ဟု Petrosyan က ထင်မှတ်ထားခြင်းမရှိခဲ့ပါ။

“ခံစားမှုကတော့ တကယ်ကောင်းတယ်။ ယှဉ်ပြိုင်ရမယ့်ပွဲတိုင်းအတွက် ရာနှုန်းပြည့်ပြင်ဆင်ထားသလို အနိုင်ရဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။ ကြိုးဝိုင်းထဲဝင်တဲ့အချိန်တိုင်း အမြဲတမ်းအနိုင်ရချင်ခဲ့တယ်။ ပွဲကြိုပြင်ဆင်မှုပိုင်းအတွက် ကျွန်တော့်အစ်ကိုနဲ့ နည်းပြတို့ကကူညီပေးတယ်။ Jo လို ကြံ့ခိုင်သန်မာတဲ့ပြိုင်ဘက်တစ်ယောက်ကို သူ့မွေးရပ်မြေထိုင်းနိုင်ငံမှာ လက်သီးတစ်လုံးတည်းနဲ့ အလဲထိုးအနိုင်ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး” ဟု Petrosyan က ပြောသည်။

၎င်းတို့နှစ်ယောက်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းပြုလုပ်သော ONE: HEROES OF HONOR ပြိုင်ပွဲတွင်ရင်ဆိုင်ခဲ့ဖူးပြီး အီတလီကစားသမားကို ဒိုင်လူကြီး (၃) ဦးစလုံးကအနိုင်ပေးခဲ့သည်။ ဒုတိယအကြိမ်ပြန်လည်ယှဉ်ပြိုင်ရာတွင် ထိုင်းပရိသတ်များရှေ့မှောက်၌ရင်ဆိုင်ရသော်လည်း Petrosyan က တုန်လှုပ်ခြင်းမရှိဘဲ မုန်တိုင်းတစ်ခုအလားပြင်းထန်သောတိုက်စစ်ဆင်မှုများဖြင့် Nattawut ကို အထိနာစေခဲ့သည်။ Kick Boxing ကမ္ဘာ့ချန်ပီယံဆုကို (၅) ကြိမ်ရဖူးသော Petrosyan အနေဖြင့် အလွယ်တကူအနိုင်ရခဲ့သော်လည်း ဘယ်လက်သီးတစ်ချက်တည်းဖြင့်ပွဲသိမ်းနိုင်ရန် မျှော်လင့်မထားခဲ့ကြောင်းဝန်ခံခဲ့သည်။

“အလဲထိုးအနိုင်ရအောင်ပြင်ဆင်မထားပါဘူး။ ()၃ ချီမပြီးခင်အထိ သူ့မေးရိုးကို လက်သီးနဲ့လွတ်လွတ်ကျွတ်ကျွတ်ထိုးနိုင်ဖို့လောက်ပဲစဉ်းစားထားခဲ့တာပါ။ ကျွန်တော်တို့နှစ်ယောက် နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကလို ပွဲကြမ်းတစ်ပွဲမဖြစ်ခဲ့ဘူးလို့တော့ နည်းနည်းခံစားမိခဲ့တယ်။ ဒါပေမဲ့ အလဲထိုးနိုင်ပွဲဆိုတာကို ခင်ဗျားလည်းမခန့်မှန်းနိုင်ပါဘူး။ ကျွန်တာ်ကတော့ ထိုးချက်တိုင်းကို အားအပြည့်ထည့်တာပဲ။ သူ့မေးရိုးကို လက်သီးတစ်လုံးပစ်သွင်းလိုက်တော့ ဘာမှမတတ်နိုင်တော့ဘူး။ နည်းစနစ်တွေ၊ မဟာ ဗျူဟာတွေရှိပေမဲ့လည်း ကျွန်တော်တို့ရဲ့စီမံထားမှုကတော့ အနိုင်ရရေးပဲ။ အဲဒီလိုအနိုင်ရတဲ့အတွက်လည်း ပျော်မိတယ်။ အဆုံးစွန်အထိတိုက်ခိုက်သွားဖို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ အဆင်သင့်ပါပဲ” ဟု Nattawut နှင့်ပွဲတွင် ချမှတ်ခဲ့သောဗျူဟာနှင့်ပတ်သက်၍ ၎င်းကရှင်းပြသည်။

ပရိသတ်များက Petrosyan ခွန်အားအပြည့်နှင့်ထိုးလိုက်သော ဘယ်ထောက်လက်သီးမှာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ရေးအတွက် အရေးပါသောလက်မှတ်တစ်စောင်ဟုယူဆထားကြသည်။ ဗိုလ်လုပွဲတွင်ရင်ဆိုင်ရမည့် Sana မှာလည်း ရုရှားအားကစားသမား Dzhabar “Genghis Khan” Askerov ကို (၃) ချီအပြည့် အသာစီးမှယှဉ်ပြိုင်ကာ ဒိုင်အဆုံးအဖြတ်ဖြင့်အနိုင်ရခဲ့သူဖြစ်သည်။

Sana ကို ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပြိုင်ဘက်များကမရပ်တန့်နိုင်ဘဲ Askerov ကိုသာမက “The Boxing Computer” Yodsanklai IWE Fairtex တို့ကိုအနိုင်ယူကျော်ဖြတ်လာသူလည်းဖြစ်ရာ Petrosyan အတွက် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည့်ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။ Nattawut ကို အနိုင်မရမီ Petrosyan မှာ နောက်ထပ်ရင်ဆိုင်ရမည့်ပြိုင်ဘက်နှင့်ပတ်သက်၍ အာရုံထွေပြားခဲ့သော်လည်း ယခုအခါတွင်မူ Sana ကိုရင်ဆိုင်ရန် လေ့လာပြင်ဆင်ထားပြီဟုဆိုသည်။

“ကျွန်တော် Sana ကို လေးစားပါတယ်။ ပြိုင်ဘက်နဲ့ပတ်သက်ပြီးသုံးသပ်တာတွေ ဘယ်တော့မှမလုပ်ပါဘူး။ အခုတော့ Sana ယှဉ်ပြိုင်ထားတဲ့ပွဲတွေကိုကြည့်ပြီး ဂရုတစိုက်လေ့လာသုံးသပ်နေပါတယ်။ ဗိုလ်လုပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ပြင်ဆင်ထားပါတယ်။ အဲဒီပွဲကိုပဲ အာရုံအပြည့်စိုက်ထားတယ်။ အနိုင်ရဖို့အတွက်ကြိုးစားနေတယ်။ အီတလီကိုတစ်ပတ်လောက်ပြန်မယ်။ ပြီးရင် လေ့ကျင့်မှုတွေပြန်စမယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့။ ကျွန်တော်ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်နေပါ” ဟု Petrosyan က ONE ဖယ်သာဝိတ်တန်း Kick Boxing ဂရင်းပရီဗိုလ်လုပွဲနှင့်ပတ်သက်၍ ပြောပြခဲ့သည်။

Ref: ONE cHampionship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top