၂ဝ၂ဝ တွင် စောင့်ကြည့်ရမည့် ONE Championship ၏ အမျိုးသမီး ကစားသမား ၄ ဦး

yyl-031-2.jpg

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများ ကျင်းပလျက်ရှိသည့် ONE Championship သည် အမျိုးသား တွဲဆိုင်းများ သာမက အမျိုးသမီး တွဲဆိုင်းများ ကိုပါ ပုံမှန် ထည့်သွင်း ကျင်းပလျက် ရှိသည်။ ထို့ကြောင့် ယင်းပြိုင်ပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ အရည်အသွေး မြင့်မားသော အမျိုးသမီး ကစားသမားများ ပါဝင်ယှဉ်ပြိုင်လျက် ရှိကြသည်။ ယင်းအမျိုးသမီး ကစားသမားများ အနက်မှ ၂ဝ၂ဝ တွင် တောက်ပ လာနိုင်သည့် အားကစားမယ် ၄ ဦး အကြောင်းကို ရွေးချယ်တင်ပြ လိုက်ရပါသည်။

၁။ ဂျပန်လူငယ်ကြယ်ပွင့် Hirata

ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိသေးသည့် ဂျပန် လူငယ်ကစားသမား Itsuki “Strong Heart Fighter” Hirata သည် ၂ဝ၂ဝ အတွင်း အရှိန်အဟုန် ကောင်းကောင်းဖြင့် လင်းလက်လာဖွယ် ရှိသည့် ကြယ်ပွင့် ကစားသမား ဖြစ်သည်။ အသက် ၂ဝ သာ ရှိသေးသည့် Hirata သည် ၎င်းယှဉ်ပြိုင်ခဲ့သည့် ပွဲတိုင်းကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့် ထိပ်တန်းအဆင့် နပမ်းနှင့် ဂျူဂျစ်ဆု ကစားသမား ဖြစ်သည်။ ONE Championship ၏ အလားအလာ အကောင်းဆုံး အမျိုးသမီး လူငယ် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထား ရသည့် Hirata အတွက် ယခုနှစ် အတွင်း ပွဲကောင်းများစွာ စောင့်ကြိုလျက် ရှိသည်။

တိုကျို ဇာတိဖြစ်သူ Hirata သည် အသက် ၆ နှစ် ကတည်းက ဂျူဒိုပညာ စသင်ခဲ့သူ ဖြစ်ပြီး အိုလံပစ်တွင် ဂျပန် လက်ရွေးစင် ဂျုဒို ကစားသမား အဖြစ် ပါဝင်ခွင့်ရရန် အထိ မျှော်မှန်းခဲ့သူ ဖြစ်သည်။ သို့သော် ဒူးဒဏ်ရာကို ၃ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသ ပြီးနောက်တွင် ယင်းအိပ်မက်ကို စွန့်လွှတ်ခဲ့ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်လာခဲ့သည်။ Hirata သည် Fighting Agent War ဆိုသည့် ကိုယ်ခံပညာ ပြိုင်ပွဲ ရုပ်သံ အစီအစဉ်တွင် ချန်ပီယံ ဖြစ်အောင် ကစားနိုင်ခဲ့သဖြင့် ONE Championship က မျက်စိကျကာ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ Hirata သည် ONE Championship တွင် Angelie Sabanal နှင့် Rika Ishige တို့ကို ဆက်တိုက် အနိုင်ယူ ပြီးနောက် Angela Lee ထံမှ အက်တမ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို စိန်ခေါ်နိုင်ရန် ပစ်မှတ်ထား နေသူ ဖြစ်သည်။

၂။ တရုတ်ကိုယ်ခံပညာရှင် Meng Bo

ကိုယ်ခံပညာရပ် အများအပြား၏ မြစ်ဖျားခံရာ တရုတ်နိုင်ငံသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင်လည်း ကမ္ဘာ့အဆင့် ကစားသမားများ မွေးထုတ်ပေးလျက် ရှိရာ Meng Bo သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ONE Championship တွင် ပထမဆုံး ပွဲဦးထွက်ပွဲ ကစားခွင့် ရရန် ကာလရှည်ကြာ စောင့်ဆိုင်း ခဲ့ရသည့် Meng Bo သည် ပထမဆုံး စတင် ယှဉ်ပြိုင်သည့် ပွဲတွင်ပင် Laura Balin ကို တစ်ချီတည်းနှင့် အလဲထိုး နိုင်ခဲ့သည်။ ၎င်း၏ အသက်အရွယ်၊ ကစားခဲ့သည့် ပွဲအတွေ့အကြုံနှင့် လတ်တလော လက်စွမ်း အရ နိုင်ငံတူ ကစားသမား Xiong Jing Nan ကဲ့သို့ ချန်ပီယံ ဖြစ်နိုင်သည့် လက်စွမ်းမျိုး ရှိနေသူ ဖြစ်သည်။

တရုတ်ပြည်တွင်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် ချန်ပီယံ ဖြစ်ဖူးသည့် Meng Bo သည် အသက် ၁၃ နှစ် ကတည်းက တိုက်ကွမ်ဒို ပညာကို လေ့လာသင်ယူ ခဲ့သည်။ Meng Bo သည် ရှီအန်း ကိုယ်ခံပညာ တက္ကသိုလ်မှ ကျောင်းဆင်း ထားသူ တစ်ဦးလည်း ဖြစ်ကာ ကစားသမား ဘဝ တစ်လျှောက် ၁၃ ပွဲနိုင် ၅ ပွဲရှုံး ရလဒ် ပိုင်ဆိုင် ထားသည်။ ၎င်း၏ ပြိုင်ဘက် အများစု သည် တရုတ် ပြည်တွင်း ပြိုင်ပွဲများတွင် ထိပ်တန်းအဆင့် ရှိသူများ ဖြစ်သဖြင့် Meng Bo ၏ နာမည် တဟုန်ထိုး တက်လာခဲ့ပြီး ၂ဝ၁၉ နှစ်ဆန်းပိုင်း ကတည်းက ၎င်းကို ONE Championship သို့ ခေါ်ယူစာချုပ်ခဲ့သည်။ သို့သော် ဒဏ်ရာ ပြဿနာများကြောင့် ကာလရှည်ကြာ အနားယူ နေခဲ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာလကမှ ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့သူ ဖြစ်သည်။

၃။ မြေပြင်ချုပ်ကွက် ပညာရှင် Miura

လာမည့် ONE: A New Tomorrow ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဂျပန် ကစားသမား Ayaka Miura သည် ၂ဝ၂ဝ ခုနှစ် အတွင်း စောင့်ကြည့်ရမည့် အမျိုးသမီး ကစားသမား တစ်ဦး ဖြစ်သည်။ နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ပွဲဆက်တိုက် အနိုင်ရထားသည့် Miura သည် ONE Championship တွင် စတောဝိတ်တန်းမှ ဝါရင့် ကစားသမားများ ဖြစ်သော Laura Balin နှင့် Samara Santos တို့ကို ဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ အသက်အရွယ် အားဖြင့် ၂၉ နှစ် အတွင်းကို ရောက်နေပြီ ဖြစ်သည့် Maura သည် ကစားခဲ့ပြီးသည့် ပွဲပေါင်း ၁၁ ပွဲတွင် ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲများ အားလုံး အနိုင်ရထားသူ ဖြစ်သဖြင့် လက်စွမ်းရော အတွေ့အကြုံပါ အမြင့်ဆုံးသို့ ရောက်ရှိနေသူ ဖြစ်သည်။

Miura သည် ဂျပန်နိုင်ငံမှ Deep၊ Shooto နှင့် Pancrase ပြိုင်ပွဲများတွင် လက်စွမ်းပြခဲ့ပြီး ပရိသတ် ကြိုက်နှစ်သက်သည့် ကစားသမား တစ်ဦး ဖြစ်သည်။ Deep ၏ နာမည်ကျော် ဝိတ်တန်းနှစ်ခု ချန်ပီယံ Ryo Chonan ကိုယ်တိုင် အနီးကပ် လေ့ကျင့် သင်ကြားပေး ထားသည့် Miura သည် ဂျူဒိုပညာရပ်တွင် အထူးပြု သင်ယူလေ့ကျင့် ခဲ့သဖြင့် မြေပြင်ချုပ်ကွက် နည်းစနစ် များတွင် အထူး ကျွမ်းကျင်သည်။ ထို့ကြောင့် ၎င်း၏ နိုင်ပွဲ ၉ ပွဲ အနက် တစ်ဝက်ကျော် ဖြစ်သော ၅ ပွဲတွင် ပြိုင်ဘက်ကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူ နိုင်ခဲ့သည်။ အကယ်၍ Miura သည် လာမည့်ပွဲတွင် အနိုင်ရခဲ့ပါက ONE စတောဝိတ်တန်း၏ လက်ရှိ ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်နိုင်ရန် အခွင့်အလမ်း ကောင်းသွားမည် ဖြစ်သည်။

၄။ ဖိလစ်ပိုင် မျိုးဆက်သစ် Zamboanga

အသက် ၂၂ နှစ်သာ ရှိသေးသည့် ဖိလစ်ပိုင်သူ Denice “The Menace” Zamboanga သည် ၎င်း၏ ONE Championship ပွဲဦးထွက် ပွဲတွင် မလေးရှား ပရိသတ်များ၏ ရှေ့ ၌ အိမ်ရှင် မလေးရှားသူ Jihin Radzuan ကို အနိုင်ယူကာ လက်စွမ်းကို မှတ်ကျောက်တင် ခံခဲ့သူ ဖြစ်သည်။ Zamboanga သည် ယင်းပွဲ မတိုင်မီကလည်း ဖိလစ်ပိုင် ပြည်တွင်း ပြိုင်ပွဲ URCC နှင့် တောင်ကိုရီးယားမှ Gleamon FC စသည့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၅ ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သဖြင့် ၆ ပွဲဆက် နိုင်ပွဲ ရရှိခဲ့သည်။ ထို့ကြောင့် ၂ဝ၂ဝ အတွင်းတွင် Zamboanga သည် ချန်ပီယံ စိန်ခေါ်သူ ဖြစ်ရန်နှင့် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းရန် လက်စွမ်းပြ နိုင်ဖွယ် ရှိသည့် ကစားသမား တစ်ဦး ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကမှ ကိုယ်ခံပညာ အားကစား လောကထဲ စဝင်လာခဲ့သည့် Zamboanga သည် ငယ်စဉ်က ကရာတေး ခါးပတ်နက် ရထားသည့် အစ်ကို ဖြစ်သူကြောင့် ကရာတေး ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ် ပွဲကို ၄၄ စက္ကန့် အတွင်း ပွဲသိမ်း အနိုင်ယူ ခဲ့သူလည်း ဖြစ်သည်။ ဖိလစ်ပိုင် ပိုလီနည်းပညာ တက္ကသိုလ်မှ IT ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ Zamboanga သည် လက်ရှိတွင် ထိုင်းနိုင်ငံမှ Fairtex အားကစားရုံတွင် အခြေစိုက် လေ့ကျင့်နေသည်။ ONE ၏ အားကစားနှစ်ခု ကမ္ဘာ့ ချန်ပီယံ Stamp Fairtex သည် Zamboanga နှင့်အတူ တွဲဖက် လေ့ကျင့်တတ်သလို Jenny Huang ကဲ့သို့ ဝါရင့် ကစားသမား ထံမှလည်း အတွေ့အကြုံများ သင်ယူနိုင်ခဲ့သဖြင့် လာမည့် ပွဲများအတွက် အသင့် ဖြစ်နေပြီ ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ကနဦးတွဲဆိုင်းများကို မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်တွင်လည်းကောင်း၊ အခြေခံတွဲဆိုင်းများကို ညနေ ၆ နာရီ အချိန်တွင်လည်းကောင်း Facebook၊ Youtube နှင့် ONE Super Apps တို့တွင် တိုက်ရိုက်ပြသမည်ဖြစ်သည်။

အဓိက တွဲဆိုင်းများ (Main Card) များကို ည ၈ နာရီအချိန်တွင် MNTV နှင့် Skynet ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top