အာရှအင်အားကြီး ဂျပန်အသင်းက မြန်မာကို (၂)ဂိုးပြတ်အနိုင်ရ

mm_vs_jp.jpg

၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲမှာ အာရှအင်အားကြီး ဂျပန်အသင်းက အိမ်ရှင်မြန်မာအသင်းကို (ဝ-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဂျပန်အသင်းဟာ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေတဲ့ ယိုရှီဒါ၊ နာဂါမိုတို၊ ဆာကိုင်၊ ရှီဘာဆာကီ၊ အိုဆာကို၊ မီနာမီနို၊ နာကာဂျီမာ စတဲ့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ မြန်မာအသင်းက အဝင်၊ အထွက်မှန်မှန် ကစားတဲ့ပုံစံကြောင့် ဂျပန်အသင်း ဧရိယာထဲ ထိုးဖောက်ဖို့ အခက်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်(၁၆)မိနစ်မှာ ပေါ်တိုကွင်းလယ်လူ နာကာဂျီမာက ဘယ်ဘက်ဂိုးဧရိယာထိပ်ကနေ အဝေးတိုင်အပေါ်ထောင့်ကို လှလှပပကန်သွင်းပြီး ဂျပန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ နောက်(၁၀)မိနစ်အကြာမှာလည်း မြန်မာခံစစ်ကြောင်း အငိုက်မိနေတာကို အခွင့်ကောင်းယူပြီး ဆဲလ်ဘတ်တိုက်စစ်မှူး မီနာမီနိုက အပိုင်ခေါင်းတိုက်သွင်းခဲ့လို့ ဂျပန်အသင်း ဒုတိယဂိုး ရခဲ့တာပါ။

ပွဲချိန်မိနစ်(၈၀)မှာတော့ ဂျပန်မက်ဆီလို့ တင်စားခံထားရတဲ့ အသက် ၁၈ နှစ်အရွယ် ရီးရဲလ်(B)အသင်း ကွင်းလယ်လူ ကူဘို ဝင်ရောက်ကစားခဲ့ပါတယ်။ ဂျေလိပ်ကလပ် တိုကျိုအသင်းကနေ ရီးရဲလ်(B)အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကူဘိုဟာ လက်ရှိအချိန်မှာတော့ လာလီဂါကလပ် မာယော့ကာအသင်းမှာ အငှားသွားရောက်ကစားနေသူပါ။ မြန်မာအသင်းကတော့ အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲလုံး ရှုံးနိမ့်ခဲ့ပြီး အမှတ်မရသေးပါဘူး။

Photo – Myanmar Football Federation

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top