အမြင်အာရုံကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ

shutterstock-442793290-1-700x467-1.png

မေမေတိုင်းမှာ အမျှော်လင့်မိဆုံး ဆန္ဒတစ်ခုရှိတတ်ကြစမြဲပါ။ တစ်ကိုယ်ရေဘဝက ဘာကိုမှ သိပ်မမျှော်လင့်တတ်ကြပေမယ့် မေမေနေရာကို ရောက်လာပြီဆိုရင် မျှော်လင့်တာကမွေးဖွာလာမယ့်ရင်သွေး ဉာဏ်ကောင်းကျန်းမာစေဖို့ပါ။ ဒီဆုတောင်းပြည့်အောင် တကယ်လုပ်ယူလို့ ရနေပါပြီနော်။

မေမေတို့ရဲ့ဆုတောင်းပြည့်စေဖို့

ကလေးတစ်ယောက်ကို မွေးဖွားပြီးမေမေဘဝကို ခံယူတာက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာမှတ်တိုင်တစ်ခု စိုက်ထူလိုက်တာပါပဲ။ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်သလိုစိန်ခေါ်မှုတစ်ရပ်ဆိုလည်း ဟုတ်ပါတယ်။ မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်ထက် မွေးဖွားလာတဲ့ ကလေးအတွက် ပိုစိတ်ပူကြပါတယ်နော်။ ဒီလိုစိတ်ပူတဲ့အထဲမှာ ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ဉာဏ်မကောင်းမှာကလည်း တစ်ခုအပါအဝင်ပဲနော်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း တစ်ခုရှိနေပါပြီနော်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်က ဘယ်အချိန်မှာ အမြန်ဆုံးဖွံ့ဖြိုးလဲ

ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်က အသက် ၃ နှစ်မပြည့်ခင်မှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက် ဖြစ်စေချင်တယ်ဆိုရင် ကလေးကို ဒီအချိန်မှာ အာဟာရအကောင်းဆုံး ဖြည့်တင်းပေးဖို့လိုပါမယ်နော်။ ဒီအချိန်မှာ မေမေဖေဖေတို့အနေနဲ့ ကိုယ့်ရင်သွေးကို မျက်ခြည်မပြတ်စောင့်ကြည့်လို့ ဦးနှောက်နဲ့အာရုံကြောတွေကို အကောင်းဆုံးဖွံ့ဖြိုးအောင် ကူညီပေးလိုက်ပါနော်။

ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးဖို့ အသုံးတည့်မယ့်နည်းလမ်း

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်စေဖို့ မဖြစ်မနေလုပ်ပေးသင့်တဲ့ အချက်တစ်ခုရှိပါတယ်နော်။ ဒါကတော့ ကလေးကို ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်ကျွေးတာပါ။ မမွေးခင်နဲ့နို့တိုက်တဲ့ကာလမှာ လိုအပ်တဲ့အာဟာရကို မေမေကပြည့်ဝအောင်စားရင် ရပြီဆိုပေမယ့် ကလေးက အစားစစားတတ်ချိန်မှာ ပြည့်ဝစွာပါဝင်ဖို့ကမေမေတို့ အတော်အာရုံစိုက်ရပါပြီနော်။

ဒီတော့ ဉာဏ်လည်းကောင်း အမြင်အာရုံလည်းကောင်းစွာဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘာတွေကျွေးရမလဲလို့တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဓါတ်တွေလုံလောက်ပြည့်ဝစွာ ပါဝင်အောင်ကျွေးပါ၊ လို့ပြောပါရစေနော်။

အကျိုးပြုအဆီတွေပါအောင်ကျွေးပါ

ကလေးတစ်ယောက်မှာ အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးဖို့ဆိုရင် fatty acidsတွေဖြစ်ကြတဲ့ DHA နဲ့ ARA ကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒါမှကလေးက အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဦးနှောက်တွင်းမှာရှိတဲ့ အဆီပမာဏရဲ့ ၂၅ ရာခိုင်နှုန်းက Omega 3 fatty acid တစ်မျိုးဖြစ်တဲ့ Docosahexaenoic acid (DHA) နဲ့ဖွဲ့စည်းထားတာပါ။

DHA က ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်တွေပုံမှန် လုပ်ဆောင်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးငယ်တွေစားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးအဖြစ်ကြီးထွားဖို့ဆိုရင် ကလေးတွေရဲ့ စားသောက်မယ့် အစားအစာတွေထဲမှာ DHA မဖြစ်မနေပါဝင်အောင် သတိထားဖို့လိုပါမယ်။

အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးလည်း ဖြစ်ပါတယ်နော်။ ဒါကြောင့် ကလေးကို DHA ရစေဖို့ ဥအမျိုးမျိုး၊ကွေကာအုတ် နဲ့ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာတွေကို ကျွေးပေးလို့ရသလို DHAဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကို လည်းကျွေးပေးလို့ရပါတယ်။

ကယ်လ်ဆီယမ်

အရိုးတွေနဲ့ သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။ ကလေးစားသုံးမယ့် အစာအစာတွေထဲမှာ အစေ့အဆန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါးတို့ ပါဝင်အောင်ပြင်ဆင်ပေးလို့ရပါတယ်နော်။

သံဓါတ်

ကလေးကို သွေးအားကောင်းစေပြီး ခန္ဓါကိုယ်မှာ အားပြည့်နေစေဖို့ အရေးပါပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကိုလည်း ကျန်းမာစေပြီးသင်ယူနိုင်စာမ်း၊ အာရုံစူးစိုက်နိုင်စွမ်း နဲ့ မှတ်မိနိုင်စွမ်းတို့ကို ပါအထောက်အကူပြုပေးတာပါနော်။

ပရိုတင်း

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ဓါတ်တစ်မျိုးပေါ့။ ဦးနှောက်ထဲက ဆဲလ်တွေ တစ်ခုနဲ့တစ်ခုကောင်းစွာ ချိတ်ဆက်နိုင်စေဖို့အတွက် လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ ကလေးကိုကောင်းမွန်စွာ အိပ်စက်စေဖို့နဲ့ လန်းဆန်းတက်ကြွနေစေဖို့ လိုအပ်တဲ့ဓါတ်တစ်ခုပါ။ ကလေးတစ်ယောက်က တစ်နေ့ကို ပရိုတင်း ၉ ဂရမ်ကနေ ၁၁ ဂရမ်ရရှိဖို့လိုအပ်ပါတယ်။ အသားနဲ့နို့၊ မှို၊ ကန်စွန်းဥ၊ ဟင်းနုနွယ်တို့ကိုကျွေးပေးလို့ရပါတယ်။

ဗီတာမင်တွေ

ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံကောင်းစွာ ဖွံ့ဖြိုးဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓါတ်တွေကလည်း လိုအပ်တဲ့အရာတွေပါ။ ကလေးစားသုံးမယ့် အစားအစာတွေထဲမှာ အပေါ်ကပြောခဲ့တဲ့ ဓါတ်တွေအပြင် ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E)၊ ဗီတာမင် ဘီတွဲ (Vitamin B12)တို့ပါဝင်ဖို့လိုပါမယ်။ ဒီဓါတ်တွေသင့်တင့်မျှတစွာ ပါဝင်ပါမှ ကလေးက လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပြည့်ဝစွာရရှိပြီး အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးမှာပါ။

ရင်သွေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းစေချင်တဲ့မေမေတို့အနေနဲ့ ကလေးကို ဒီအချက်လေးတွေနဲ့ ကိုက်ညီပြည့်စုံတဲ့ အစားအစာလေးတွေ ပြင်ဆင်ပေးလိုက်ပါနော်။

Ref : Hellosayarwon
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top