အိန္ဒိယနိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သားသေဆုံး၊ မင်္ဂလာပွဲ တက်ရောက်သူ (၉၅) ဦး COVID-19 ကူးစက်ခံရ

2-6-2020-yyl-004.jpg

အိန္ဒိယနိုင်ငံမှာ COVID-19 ကြောင့် သတို့သားသေဆုံးခဲ့ပြီး မင်္ဂလာပွဲတက်ရောက်သူ (၉၅) ဦး ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲမတိုင်ခင်က သတို့သားဟာ COVID-19 လက္ခဏာတွေပြနေပေမယ့် သူ့မိသားစုက မင်္ဂလာပွဲကို ဖျက်လိုက်ရင် ငွေကြေးဆုံးရှုံးမှာ ဆိုးတာကြောင့် မင်္ဂလာပွဲကို ဆက်လုပ်ဖို့ သတို့သားကို ဖျောင်းဖျခဲ့တယ်လို့ ဆိုပါတယ်။ အသက် (၃၀) အရွယ် ဆော့စ်ဝဲအင်ဂျင်နီယာဖြစ်သူ သတို့သားက မင်္ဂလာပွဲမကျင်းပခင်မှာ အဖျားရှိခဲ့ပေမယ့် သူ့မိသားစုက မင်္ဂလာပွဲကို ဆက်လုပ်နိုင်ဖို့အတွက် သူ့ကို ပါရာစီတမော သောက်ဖို့ပြောခဲ့ပါတယ်။

ရောဂါပိုးရှိမရှိမစမ်းသပ်ခင်မှာပဲ သတို့သားရဲ့အလောင်းကို မီးသင်္ဂြိုဟ်ခဲ့တဲ့အတွက် သတို့သားရဲ့သေဆုံးမှုက ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်မှုရှိလားဆိုတာကိုတော့ မစမ်းသပ်နိုင်ခဲ့ပါဘူး။ သတို့သမီးမှာတော့ ရောဂါပိုးမတွေ့ရှိခဲ့ရပါဘူး။ သတို့သားရဲ့ဆွေမျိုး (၁၅) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ရတဲ့အတွက် မင်္ဂလာပွဲတက်ရောက်ခဲ့သူ (၃၅၀) ကျော်ကို ခြေရာခံပြီးတဲ့နောက်မှာ အဲဒီထဲက အနည်းဆုံး လူ (၉၅) ဦးက ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဂူရူဂရမ်မြို့မှာ နေထိုင်နေတဲ့ သတို့သားက မင်္ဂလာပွဲအတွက် အိန္ဒိယအနောက်ပိုင်းပတ္တနားခရိုင်က သူ့ရဲ့မွေးရပ်မြေရွာလေးကို ပြန်လာခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲကို အယောက် (၅၀) သာတက်ရောက်ခွင့်ပြုထားတဲ့ Social Distancing စည်းမျဉ်းကို ချိုးဖောက်ပြီး မင်္ဂလာပွဲကို မကျင်းပသင့်ကြောင်းနဲ့ ဒီမင်္ဂလာပွဲမှာ လူ (၃၅၀) ကျော်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။ မင်္ဂလာပွဲတက်ရောက်သူတွေကလည်း Social Distancing နဲ့ Lockdown စည်းမျဉ်းတွေကို မထီမဲ့မြင်ပြုခဲ့တယ်လို့ ဆိုပါတယ်။ “သတို့သားက အဖျားရှိနေတာကြောင့် သူက ဇွန်လ ၁၅ ရက်နေ့မှာ မင်္ဂလာမဆောင်ဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့မိဘတွေက ဆေးသောက်ခိုင်းခဲ့ပြီး သူ့ကို ဖျောင်းဖျခဲ့တာပါ”လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

သတို့သားရဲ့အဖေက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မင်္ဂလာပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် Rampravesh Rai က Hindustan Times ကို ပြောပါတယ်။ သတို့သားသေဆုံးမှုက ရွာမှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ သူ့နဲ့အထိအတွေ့ရှိတဲ့သူတွေ၊ မင်္ဂလာပွဲတက်ရောက်ခဲ့သူတွေက နှာခေါင်းနဲ့အာခေါင် တို့ဖတ်နမူနာပေးဖို့အတွက် ဆေးရုံကို ရောက်လာကြပါတယ်။ ဆေးအဖွဲ့က သတို့သားရဲ့အိမ်ကို သွားတော့ နှလုံးရောဂါနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သူ့မိဘတွေက ပြောခဲ့တယ်လို့ ဒေါက်တာကူမာရီက ဆိုပါတယ်။ ရွာက ကိုရိုနာဗိုင်းရပ်စ်ကိုပျံ့နှံ့စေတယ်လို့ သူတို့ကို စွပ်စွဲမှာဆိုးတာကြောင့် သတို့သားရဲ့မိသားစုက ရွာကနေ ထွက်ပြေးသွားခဲ့တယ်လို့ သတင်းဌာနတစ်ခုကလည်း ပြောပါတယ်။ ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးဖို့အတွက် ခရိုင်တရားသူကြီးက ညွှန်ကြားထားပြီးပြီလို့လည်း သိရပါတယ်။

Ref: Ref: Ladbible “Groom In India Dies And 95 Guests Infected With Covid-19 After Attending Wedding”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top