လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ငယ်ဘဝကို ပြန်အမှတ်ရသွားစေခဲ့တဲ့ ကလေးတစ်သိုက်ရဲ့ထီးတစ်ချောင်းတည်းအတူဆောင်းခဲ့တဲ့မြင်ကွင်း

4-7-2022-09.jpg

လမ်းမထက်မှာ ထီးတစ်ချောင်းကို အတူဆောင်းပြီး လမ်းလျှောက်လာခဲ့ကြတဲ့ ကလေးတစ်သိုက်ရဲ့ဗီဒီယိုဟာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့နှလုံးသားကို ကိုင်လှုပ်ခဲ့ပါတယ်။ ဒီဗီဒီယိုအတိုလေးကို အိန္ဒိယအုပ်ချုပ်ရေးရုံးအရာရှိ အက်ဝါနစ် ရှာရန်က တွမ်တာမှာ တင်ခဲ့တာပါ။ ထီးတစ်ချောင်းကို ကလေးတစ်သိုက် အတူတူဆောင်းလာခဲ့တဲ့ကြည်နူးစရာမြင်ကွင်းက လူမှုကွန်ယက်အသုံးပြုသူတွေကို ငယ်ဘဝ ပြန်အမှတ်ရစေခဲ့ပါတယ်။

ကလေး (၆) ယောက်လောက်က ထီးတစ်ချောင်းကို အတူတူဆောင်းခဲ့ကြတာပါ။ အဲဒီအထဲက ကလေး (၃) ယောက်က ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောင်းဝတ်စုံမဝတ်ထားတဲ့ ကောင်လေးကိုတော့ ကျောက်သင်ပုန်းကိုင်ထားတာတွေ့ရပါတယ်။ အဲဒီကလေးတစ်သိုက်က ထီးကို သူတို့နဲ့နီးကပ်စွာ ကိုင်ခဲ့ကြပြီး မိုးဖွဲတွေကြားမှာ လမ်းလျှောက်လာခဲ့ကြပါတယ်။

အဲဒီဗီဒီယိုအတိုလေးကို တင်ခဲ့တဲ့အချိန်မှာ ကြည့်ရှုသူ (၁.၁) သန်းကျော်ခဲ့ပါတယ်။ ကွန်မန့်ပေးတဲ့သူလည်း ထောင်ချီပြီး အသုံးပြုသူတော်တော်များများကိုလည်း အတိတ်ကို လွမ်းဆွတ်သွားစေခဲ့ပါတယ်။

“ဒီဗီဒီယိုက ကျွန်တော့်ရဲ့ငယ်ဘဝကို သတိရစေတယ်”လို့ အသုံးပြုသူတစ်ဦးက ဆိုပါတယ်။ နောက်တစ်ယောက်ကလည်း “သူတို့မျက်နှာပေါ်က အပြစ်ကင်းမှု၊ ပျော်ရွှင်မှုတွေက အဖိုးမဖြတ်နိုင်ဘူး။ ဒါကို ငယ်ဘဝလို့ခေါ်တယ်။ မျှဝေခြင်းက ဂရုစိုက်ခြင်းပါ။ အပြစ်တင်မှုမရှိ၊ အတ္တမရှိ”လို့ ရေးသားခဲ့ပါတယ်။

အခြားသူတွေကလည်း “ကျွန်တော်လည်း ထီးတစ်ချောင်းကို အတူတူဆောင်းခဲ့ကြတဲ့ ကလေးတွေထဲက တစ်ယောက်လိုဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ထီးတစ်ခုတည်း ဆောင်းခဲ့ကြတယ်။ ဒါက ကျွန်တော့်ရဲ့ငယ်ဘဝအမှတ်တရပါ”၊ “ကျွန်မရဲ့ငယ်ဘဝနေ့ရက်တွေကို အမှတ်ရစေတယ်။ ထီးတစ်ချောင်းကို သူငယ်ချင်း (၄) ယောက်အတူဆောင်းပြီး ရွံ့ထူတဲ့ရွာလမ်းကို (၂) ကီလိုမီတာနီးပါး လမ်းလျှောက်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့တုန်းက ဖိနပ်မပါဘူး။ ဒါကတော့ မတူဘူး”လို့ ဆိုပါတယ်။

ဒီဗီဒီယိုကို ဘယ်နေရာမှာ ရိုက်ခဲ့လဲဆိုတာကိုတော့ မသိရပါဘူး။

ဗီဒီယိုကြည့်ရှုရန်

Ref: Ndtv “Group Of Children Sharing One Umbrella Leaves Internet Nostalgic”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top