သူ့ကျောက်ကပ်လှူဒါန်းပြီး ခရီးသည်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ အငှားယာဉ်မောင်း

3.4.2023-yyl-iamge-6.jpg

အငှားယာဉ်မောင်း တင်မ် လက်တ်စ်ဆိုသူဟာ တစ်ကြိမ်သာတွေ့ဖူးတဲ့ ခရီးသည်တစ်ဦးကို သူ့ကျောက်ကပ်လှူပေးခဲ့ပြီးတဲ့နောက်မှာ ဟီးရိုးအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် Uber အငှားယာဉ်မောင်း တင်မ်က ဆေးရုံကနေ ကျောက်ကပ်ဆေးဖို့ ရက်ချိန်းယူလာပြီး အိမ်ပြန်မယ့် ခရီးသည် ဘီလ်ဆူမီရယ်ကို လိုက်ပို့ခဲ့တာပါ။ အိမ်ပို့ပေးတဲ့အချိန် စကားစမြည်ပြောကြရင်း ဘီလ်က တင်မ်ကို ဆီးချိုရောဂါကြောင့် သူ့ကျောက်ကပ်ပျက်စီးနေပြီး ဖြစ်နိုင်ရင် အမြန်ဆုံး ကျောက်ကပ်အသစ်အစားထိုးဖို့ လိုတယ်လို့ ထုတ်ပြောပြခဲ့တာပါ။

တင်မ်ကလည်း ဘီလ်ရဲ့အဖြစ်ကို သိသွားတော့ သူ့ရဲ့နာမည်နဲ့ ဖုန်းနံပါတ်ကို ယူသွားလိုက်၊ ဘီလ်အတွက် ကျောက်ကပ်လှူပေးမယ်လို့ ပြောခဲ့တယ်။ ဘီလ်ကလည်း တင်မ် ကျောက်ကပ်လှူပေးမယ်ဆိုတော့ စိတ်လှုပ်ရှားပြီး တင်မ်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ကို ချရေးဖို့တောင် လက်တွေတုန်နေခဲ့ပါတယ်။
ကျောက်ကပ်အစားထိုးကုသမှုကို Christiana Hospital မှာ လုပ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဘီလ်က တင်မ်ဟာ သူ့ကို ဘဝအသစ်လက်ဆောင်ပေးခဲ့တယ်တဲ့။ အခုလိုလက်ဆောင်ပေးခံရတဲ့အတွက် သူ အရမ်းကံကောင်းတယ်လို့ ဆိုပါတယ်။ အခုဆို သူတို့နှစ်ယောက်က အဆက်အသွယ်မပြတ်ရှိနေပြီး တစ်သက်တာသူငယ်ချင်းတွေဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

တစ်ကြိမ်သာတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ကျောက်ကပ်လှူခဲ့တဲ့ တင်မ်ကို ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပါတယ်။ သူစိမ်းတွေအတွက် ကိုယ်တွင်းအင်္ဂါလှူဒါန်းပေးတာက အဆန်းမဟုတ်ပေမဲ့ အငှားယာဉ်မောင်းတစ်ယောက်က ခရီးသည်ကို ကျောက်ကပ်လှူပေးတာက ရှားပါတယ်။

တင်မ်ရဲ့ကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်က အကြင်နာတရားထားတတ်မှုဟာ တစ်စုံတစ်ယောက်ရဲ့ဘဝကို ကြီးကြီးမားမားကွာခြားသွားစေနိုင်တဲ့ သာဓကပါပဲ။ “ကျွန်တော် ထူးခြားတယ်လို့ မထင်ဘူး။ ဘယ်သူမဆို ဒီလိုအခြေအနေမျိုးကြုံလာရင် ကျွန်တော့်လိုပဲ လုပ်မယ်လို့ ထင်တယ်”လို့ တင်မ်က ဆိုပါတယ်။

Ref: This Uber driver saves passenger’s life by donating his kidney

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top