ONE: Legendary Quest ပြိုင်ပွဲကြီးမှ အကောင်းဆုံးတွဲဆိုင်း (၅) တွဲကို လေ့လာကြည့်ခြင်း

190615-SH-heroweb-1200x800.jpg

ONE Championship မှ ကမ္ဘာ့အကောင်းဆုံးကစားသမားများပါဝင်ကြမည့် Legendary Quest ပြိုင်ပွဲကြီးကို လာမည့် ဇွန် (၁၅) ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပ ပြုလုပ်တော့မည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံများ၊ နိုင်ငံတကာထိပ်တန်းကစားသမား များနှင့် တရုတ်ပါရမီရှင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည့် အဆိုပါ ပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး တွဲဆိုင်း (၅) တွဲကို သုံးသပ်တင်ပြလိုက်ပါသည်။

Stamp Fairtex နှင့် Alma Juniku

ပြိုင်ပွဲကြီး၏ အဓိက တွဲဆိုင်းဖြစ်သည့် အက်တမ်ဝိတ်တန်း မွေထိုင်း အမျိုးသမီးစိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသူ Stamp Fairtex သည် စိန်ခေါ်လာသည့် သြစတြေးလျ နိုင်ငံသူ Alma Juniku နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။ ငယ်ရွယ်ပြီး သွက်လက်တက်ကြွသည့် ကျားရိုင်းပျိုမလေး နှစ်ဦး၏ ထိပ်တိုက် တွေ့ဆုံမှုသည့် ပရိသတ်ကို တဒင်္ဂရူးသွပ်သွားစေလောက်သည့် ခံစားချက်မျိုးကိုပင် ပေးစွမ်းနိုင်မည်ဖြစ်သည်။ အသက် (၂၁) နှစ်သာ ရှိသေးသည့် Stamp သည် ONE ၏ ချန်ပီယံခါးပတ် နှစ်ခု သိမ်းပိုက်ထားသူဖြစ်သလို အသက် (၁၈) နှစ်သာ ရှိသေးသည့် Juniku ကလည်း WBC မွေထိုင်း ကမ္ဘာ့ချန်ပီယံဖြစ်ထားသူ ဖြစ်သည်။

၎င်းတို့နှစ်ဦးပေါင်း အသက်သည် (၃၉) နှစ်သာ ရှိသေးသဖြင့် ယခုပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် Yoshihiro Akiyama ထက်ပင် ငယ်နေသေးသည်။ ထို့ကြောင့် တိုက်ခိုက်ရေးအားကစားသမိုင်းတွင် အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် Juniku သာ အနိုင်ရသွားပါက Angela Lee တင်ထားသည့် အသက်အငယ်ဆုံးကမ္ဘာ့ချန်ပီယံစံချိန်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။ Stamp သည် ပွဲပေါင်း (၈ဝ) ကျော် အတွေ့အကြုံရှိထားသူ ဖြစ်ပြီး Juniku မှာမူ (၂၉) ပွဲသာ ကစားထားသူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် လအတွင်းက ဝါရင့် ကစားသမားကြီး Sam-A Gaiyanghadao ကို လူငယ် ကစားသမား
Jonathan Haggerty က အနိုင်ယူခဲ့ဖူးသည်ကို မမေ့သင့်ပေ။ ယခုပွဲတွင် Stamp က အဘက်ဘက်တွင် သာလွန်နေသည်မှန်သော်လည်း Juniku က ထင်မှတ်မထားသည်များ လုပ်ပြနိုင်ကောင်းလုပ်နိုင်သည်ကို ထည့်တွက်ထားရေပေမည်။

Yoshihiro Akiyama နှင့် Agilan Thani

ဒုတိယ အဓိကတွဲဆိုင်းဖြစ်သည့် ဂျပန်/ကိုရီးယား ဒွိနိုင်ငံသား ဝါရင့်ကစားသမားကြီး Yoshihiro “Sexy Yama” Akiyama နှင့် လက်စွမ်းထက်မြက်သည့် လူငယ်ကစားသမား Agilan “Alligator” Thani တို့ ပွဲကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ K-1 HERO’s ၏ လိုက်ဟဲဗီးဝိတ် Grand Prix တွင် ချန်ပီယံဖြစ်ခဲ့ဖူးသည့် Akiyama သည် ယခုပွဲကို ONE တွင် ပထမဆုံးပွဲဦးထွက်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းလည်း ဖြစ်သည်။ ဂျူဒို အားကစားတွင် အာရှရွှေတံဆိပ် ရခဲ့ဖူးသည့် Akiyama သည် UFC, Dream, K-1, HERO’s စသည့် ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲများတွင်ကျင်လည်ခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပွဲများနှင့် (၄) နှစ်နီးပါး အဆက်ပြတ်နေခဲ့ကာ ယခုမှ တစ်ကျော့ပြန် ကြိုးဝိုင်းထဲဝင်လာသူလည်း ဖြစ်သည်။

မလေးရှား၏ အကောင်းဆုံးကစားသမားဟု သတ်မှတ်ခံထားရသူ Thani သည်လည်း ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခဲ့ဖူးသူ ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ Ben Askren ကိုမရှုံးနိမ့်ခင်က ONE တွင် (၆) ပွဲဆက်အနိုင်ရလဒ်ဖြင့် တဟုန်ထိုးကျော်ကြားလာခဲ့သူလည်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးကြား အသက်အရွယ် ကွာခြားချက်က နှစ် (၂ဝ) အထိ ရှိသော်လည်း အတွေ့အကြုံများပြားသည့် Akiyama ကို Thani လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ဖွယ်မရှိဘဲ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရမည့်ပွဲဖြစ်သည်။

Zhang Chenglong နှင့် Tyler Hardcastle

ပဏာမ ကြေညာသည့် တွဲဆိုင်းစာရင်းတွင်မပါဝင်ခဲ့သော်လည်း ထပ်တိုးတွဲဆိုင်းအဖြစ် ထည့်သွင်းခဲ့သည့် ယခုပွဲတွင် တရုတ်၏ Top King မွေထိုင်း ချန်ပီယံ တစ်ဦးဖြစ်သည့် “Muay Thai Boy” Zhang Chenglong နှင့် သြစတြေးလျ၏ WMC ချန်ပီယံ Tyler Hardcastle တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီကမှ ONE တွင် ပွဲထွက်ခဲ့သည့် Zhang သည် နှစ်ပွဲ ဆက်တိုက်အနိုင်ရထားကာ အကောင်းဆုံး လက်စွမ်းကို ရရှိနေသူ ဖြစ်သည်။ ကစားသမားသက်တမ်းတစ်လျှောက် အလဲထိုးနိုင်ပွဲ နည်းပါးသော်လည်း ပွဲပေါင်း (၆၁) ပွဲ ကစားရာတွင် (၄၉) ပွဲ အထိ အနိုင်ရထားသူလည်း ဖြစ်သည်။ အင်္ဂလန်ဖွား၊ သြစတြေးလျသား Hardcastle မှာမူ ပွဲပေါင်း (၃ဝ) ကျော်သာ ထိုးသတ်ခဲ့ဖူးသော်လည်း အနောက် သြစတြေးလျ WMC ချန်ပီယံ (၂) ကြိမ်၊ WKA သြစတြေးလျချန်ပီယံ တစ်ကြိမ်၊ WMC သြစတြေးလျချန်ပီယံ တစ်ကြိမ် ဖြစ်ဖူးခဲ့သူ ဖြစ်သည်။ ONE Championship သို့ ရောက်ရှိပြီးနောက် နာမည်ကျော် မွေထိုင်းကစားသမား Saemapetch Fairtex ကို အနိုင်ရခဲ့သဖြင့် နာမည်ရလာခဲ့သူလည်း ဖြစ်သည်။ ငယ်ရွယ်သည့် မွေထိုင်း ကစားသမားနှစ်ဦး၏ စိတ်လှုပ်ရှားဖွယ်တွဲဆိုင်းက ပရိသတ်များကို ရသများစွာပေးစွမ်းနိုင်မည် ဖြစ်သည်။

Reinier De Ridder နှင့် Gilberto Galvao

ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝတစ်လျှောက် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ပွဲတိုင်းအနိုင်ရထားသည့် နယ်သာလန် နိုင်ငံသား Reinier “The Dutch Knight” De Ridder နှင့် တောင်အမေရိက
မစ်ဒယ်ဝိတ် ချန်ပီယံ Gilberto “GIBA” Galvao တို့၏ ပွဲကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားဖွယ်
ကောင်းသည်။ နှစ်ဦးစလုံးက ဘရာဇီးလ်ဂျူဂျစ်ဆုပညာကို ကျွမ်းကျင်သည့်ပညာရှင်များ ဖြစ်ကြပြီး မြေပြင် ချုပ်ကွက်များဖြင့် ပြိုင်ဘက်ကိုအနိုင်ယူခဲ့သည့်ပွဲမှာ နှစ်ဦးပေါင်း (၂၃) ပွဲ အထိ ရှိသည်။

ထို့ကြောင့် ယခုပွဲသည် ဘရာဇီးလ်ဂျူဂျစ်ဆုပရိသတ်များအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် တွဲဆိုင်းတစ်ခု ဖြစ်သည်။ De Ridder သည် ၎င်း၏ နိုင်ပွဲတိုင်းကို ပွဲချိန် (၃ ချီလုံး ပြည့်သည့်အထိမကစားခဲ့ရဘဲ အလဲထိုး/ ဒိုင်ပွဲရပ်၊ အရှုံးပေးသည့်ရလဒ်များဖြင့် အနိုင်ရထားသူ ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားဘဝသက်တမ်း (၁၃) နှစ်ခန့် ရှိပြီဖြစ်သည့် Galvao မှာလည်း (၃) နှစ် အတွင်း (၁၃) ပွဲဆက်တိုက် အနိုင်ရခဲ့ဖူးသည့်စံချိန်ကို ပိုင်ဆိုင်ထားသည်။ အသက်အရွယ်အရ De Ridder က အကောင်းဆုံး အချိန်ရောက်နေသူ ဖြစ်သော်လည်း ပွဲအတွေ့အကြုံများသည့် Galvao က ဝါသမ္ဘာဖြင့်အနိုင်ယူပြီး ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားလျှင်လည်း အံ့သြဖွယ်ရာ မရှိပေ။

Victorio Senduk နှင့် ဖိုးသော်

ယခုပြိုင်ပွဲကြီးတွင် ONE ၏ မြန်မာ ကစားသမား တစ်ဦး ဖြစ်သော“ဘူရှီဒို” ဖိုးသော် အင်ဒိုနီးရှား နိုင်ငံသား Victorio “Indra” Senduk တို့၏ တွဲဆိုင်းကလည်း စိတ်ဝင်စားဖွယ် တွဲဆိုင်းတစ်ခု ဖြစ်သည်။ ပြိုင်ပွဲ၏ ပထမဆုံး အဖွင့်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ရမည့်အဆိုပါပွဲတွင် ဖိုးသော်သည် IBC ဖယ်သာဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Senduk ကို အကြိတ်အနယ်ထိုးသတ်ရဖွယ် ရှိနေသည်။ အင်ဒိုနီးရှားလက်ရွေးစင် ဝူရှူးအားကစား သမားဟောင်းလည်း ဖြစ်သည့် Senduk သည် ပြည်ပတွင် ပထမဆုံးထွက်ပြီးယှဉ်ပြိုင်ရသည့် ဖိုးသော်ကို အခက်တွေ့စေလိမ့်မည်။

ဖိုးသော်ကလည်း လတ်တလောတွင် အမေရိကန်နိုင်ငံအထိ သွားရောက်ကာ လေ့ကျင့်မှုများကို အပြင်းအထန် ပြုလုပ်လျက်ရှိသဖြင့် ပိုမိုတိုးတက်လာသော စွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်မှန်းရသည်။ အတွေ့အကြုံ ပိုင်းတွင်လည်း ကစားသမား နှစ်ဦးမှာမတိမ်းမယိမ်း ဖြစ်ပြီး Senduk သည် ဖိုးသော် အနိုင်ရဖူးသည့် Sor Sey, Yohan Mulia Legowo တို့နှင့် ရင်ဆိုင်ခဲ့ဖူးကာ Legowo ကို အနိုင်ရခဲ့သော်လည်း Sor Sey ကို ရှုံးနိမ့်ထားသည်။ မြန်မာပရိသတ်များ လက်လွတ်မခံသင့်သည့် ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top