ရိုက်ကူးရေးယာယီရပ်နားလိုက်ရတဲ့ (၂၅) ကားမြောက် ဘွန်းရုပ်ရှင်

B8A75E1A-1ED9-41D9-A9D1-734F9368B6DA.jpeg

ဂျမေကာနိုင်ငံကိုသွားရောက်ပြီး စတင်ရိုက်ကူးနေပြီဖြစ်တဲ့ (၂၅) ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဟာ အသက် (၅၁) နှစ်အရွယ် သရုပ်ဆောင် ဒန်နီရယ်ခရိတ်ချ် မတော်တဆဒဏ်ရာရသွားခဲ့တာကြောင့် ယာယီရပ်နားလိုက်ရပါပြီ။ လန်ဒန်က Pinewood စတူဒီယိုမှာ ဒီတစ်ပတ်အတွင်း ရိုက်ကူးဖို့စီစဉ်ထားတာတွေကိုလည်း ဖျက်လိုက်ရကြောင်း The Sun သတင်းစာက ဖော်ပြထားပါတယ်။

ခရိတ်ချ်ဟာ ပြေးလွှားရတဲ့ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးနေစဉ်မှာ ခြေပစ်လက်ပစ် ချော်လဲခဲ့ပြီး ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့အတွက်ကြောင့် ဂျာကင်ကို ဒေါသတကြီးလွှင့်ပစ်မိခဲ့တဲ့အထိကို ခရိတ်ချ်က သူ့ဘာသာလည်း မကျေနပ်ဖြစ်ခဲ့ပါတယ်။

ဘွန်းရုပ်ရှင်တွေမှာ (၂၅) ကားမြောက်ဖြစ်တဲ့ ဒီရုပ်ရှင်ကားကို နောက်ဆုံးထွက်ခဲ့တဲ့ Spectre ဇာတ်ကားအပြီး (၄) နှစ်အကြာကာလ၊ ပြီးခဲ့တဲ့လအတွင်းက စပြီးရိုက်ကူးခဲ့တာပါ။

လက်ရှိအချိန်အထိ အမည်မပေးထားရသေးတဲ့ ဒီဇာတ်ကားကို ၂၀၂၀ ဧပြီလလောက်မှာ ရုံတင်ပြသသွားဖွယ်ရှိပြီး ဂျိမ်းစ်ဘွန်းက ၁၉၆၀ ကာလအတွင်း လျို့ဝှက်စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့တဲ့ (ဂျိမ်းစ်ဘွန်းအဖြစ် George Lazenby သရုပ်ဆောင်ခဲ့) ဇာတ်လမ်းနဲ့ ချိတ်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။

စစ်ဆင်ရေးပြီးဆုံးလို့ ဂျမေကာနိုင်ငံမှာအနားယူနေတဲ့ ဘွန်းကို သူ့ရဲ့မိတ်ဆွေ စီအိုင်အေအရာရှိ ဖဲလက်ဇ် လိတ်တာ (Felix Leiter) က သိပ္ပံပညာရှင်တစ်ဦး ပြန်ပေးဆွဲခံထားရတာကြောင့် ကယ်တင်ပေးဖို့ အကူအညီတောင်းခံလာတဲ့အတွက် အဲဒီစစ်ဆင်ရေးအသစ်မှာ ပြန်လှုပ်ရှားခဲ့ရတဲ့ ဇာတ်လမ်းမျိုးကိုရှုစားရမှာပါ။

ဘွန်းရဲ့ မဟာရန်သူတော်ကြီးနေရာမှာတော့ Bohemian Rhapsody မှာ ဖရက်ဒီမာကျူရီအဖြစ် သရုပ်ဆောင်ပြီး အော်စကာဆုရထားတဲ့ ရာမီ မဲလစ် (Rami Malek) က သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: Dailymail “Bond 25 filming ‘suspended as Daniel Craig injures his ankle”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top