ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ နာကျင်မှုတွေကိုတွန်းလှန်ရင်း ခန္ဓာကိုယ်ကျစ်လျစ်ကြံ့ခိုင်နေသူ

yyl-25-001.jpg

အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးက စာဖတ်ပရိသတ်တွေကို ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အခုအကြောင်းအရာလေးမှာ အသက် (၇၅) နှစ်အရွယ် ကိုရီးယားလူမျိုးအဘွားဟာ အသက်သာကြီးပေမဲ့ ခန္ဓာကိုယ်ကျစ်လျစ်သန်မာကြောင်း သက်သေပြထားသလို မိမိခံစားနေရတဲ့နာကျင်မှုတွေကို ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ တွန်းလှန်ကျော်လွှားနေတဲ့သူအဖြစ်လည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

လင်ဆိုဂျွန်ဆိုတဲ့ အဘွားက ကာယအလှမယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယဆုရရှိပြီး သတင်းဌာနတွေမှာ ဖော်ပြခံခဲ့ရတာပါ။ အဲဒီအဘွားက ကျန်းမာရေးအခြေအနေကြောင့် ဝိတ်မလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ခုနှစ်မှာ သူဟာ နာတာရှည်ကျောရိုးမြှောင်နာကျင်တဲ့ရောဂါကို ခံစားခဲ့ရပါတယ်။ ဆရာဝန်ကဒီအခြေအနေက ကုသလို့မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လင်ဟာ နာကျင်မှုတွေကို တွန်းလှန်ပစ်ဖို့နဲ့ ခွန်အားတွေ ပြန်ရလာဖို့အတွက် ဝိတ်မတဲ့လေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအဘွားက ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့အတွက် trainer တစ်ယောက်ထားရှိခဲ့ပြီး တစ်ပတ်ကို (၃) ကြိမ်လေ့ကျင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ကျန်းမာရေးအခြေအနေက သိသိသာသာတိုးတတ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့trainer က လင်ကို ကာယအလှမယ်ပြိုင်ပွဲဝင်ပြိုင်ဖို့ အကြံပေးခဲ့ပါတယ်။ အစကတော့ သူ့အသက်အရွယ်ကြောင့် အကြံပေးမှုကို မေ့မေ့ပျောက်ပျောက်နေခဲ့ပါတယ်။ သူ့ trainer က ပြိုင်ပွဲမှာဆုရရှိဖို့အတွက်မဟုတ်ဘဲ အဲဒီပြိုင်ပွဲတွေက သူ့ကို တွန်းအားဖြစ်စေဖို့အတွက် အကြံပေးခဲ့တာပါ။

နောက်ဆုံးမှာတော့ လင်က ကာယအလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ ဝတ်ဆင်ရမယ့်အဝတ်အစားက ဘီကီနီဖြစ်တာကြောင့် အခက်အခဲတော့ရှိပါတယ်။ သူ့ရဲ့ပထမဆုံးပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲတစ်လျှောက်လုံး စိတ်လှုပ်ရှားခဲ့ရပေမဲ့လည်း နောက်ထပ်ပြိုင်ပွဲတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ သူဟာ အသက် (၃၈) နှစ်နဲ့အထက်ပြိုင်ပွဲဝင်တွေကြားမှာ ဒုတိယဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူ တစ်ခုခုကို ကြိုးစားခဲ့တဲ့အခါတိုင်း လူတွေက “အမျိုးသမီးကြီးတွေက ဒါကို မလုပ်နိုင်ဘူး၊ ဒါကို လုပ်နိုင်မှာမဟုတ်ဘူး” လို့ ပြောကြပါတယ်။ သူ အသက်ရှင်နေထိုင်ဖို့ ဘယ်လောက်ကျန်သေးလဲဆိုတာတော့ သူမသိဘူး။ ဒါပေမဲ့ သူအသက်ရှင်နေသရွေ့၊ သူ လုပ်နိုင်နေသရွေ့ လုပ်ချင်သေးတယ်လို့ ဆိုပါတယ်။ လင်က အိပ်မက်နောက်လိုက်နေတဲ့ သူတွေအတွက် ခွန်အားဖြစ်စေတဲ့စကားတချို့ကို ထုတ်ပြောခဲ့ပါတယ်။ “လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြောင့် အဲဒီအိပ်မက်တွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် ဘဝဟာ အရမ်းကို အဓိပ္ပာယ်မရှိဖြစ်သွားမှာပါ။ အသက်ရလာရင်တောင် သင့်အိပ်မက်တွေကို သင့်ကိုယ်တိုင်စိန်ခေါ်မှု တွေလုပ်မယ်ဆိုရင် ကျန်ရှိနေတဲ့အချိန်တွေမှာ သင်ဟာ အဓိပ္ပာယ်ရှိတဲ့ဘဝကို ရနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဆိုတဲ့စကားပါပဲ။ အဘွားလင်ဆိုဂျွန်က အသက် (၈၀) ထိ ကိုယ်ကာယလေ့ကျင့်ခန်းကို ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်းဆိုပါတယ်။

Ref: Mothership

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top