Game of Thrones Season (1) ကို ပြန်လည်ခံစားခြင်း

cover35.jpg

Game of Thrones ဇာတ်လမ်းတွဲဆိုရင် အားလုံးပဲ မေးနေစရာမလိုအောင် သိထားကြပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ Plot Twist လှပမှုတွေကြောင့် နာမည်ကြီးလာခဲ့ပြီး ခုနှစ်ပြည်ထောင်ကိုအုပ်ချုပ်ခွင့်ရဖို့အတွက် အိမ်တော်အချင်းချင်းသာမက ညီအစ်ကိုအချင်းချင်း အားပြိုင်မှုတွေကိုပါ မျက်ဝါးထင်ထင်တွေ့မြင်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အခြားဇာတ်ကားတွေလို Heroes ever win in the end ဆိုတာမျိုးမဟုတ်ပဲ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားတာကြောင့်လည်း အောင်မြင်မှုဟာ တာရှည်ခံနေတယ်လို့ ပြောရမှာပါ။ အခု Season (8) အမီလး ထွက်ရှိခဲ့ပြီးသမျှ Game of Thrones ရဲ့Season တွေအားလုံးဆီ ပြန်သွားကြည့်လိုက်ရအောင်…။

အရင်ဆုံးသိထားသင့်တာက Game of Thrones ဟာ Westros လို့ လူသိများတဲ့ Seven Kingdoms မှာ အခြေတည်ထားတယ်။ Seven Kingdoms မှာ Kingdom of North, Kingdom of Mountain and Vale, Kingdom of Isles and Rivers, Kingdom of Rock, Kingdom of Stormlands, Kingdom of Reach နဲ့ Dorne ဆိုပြီး ခုနှစ်ပြည်နဲ့ အဲဒီပြည်တစ်ခုချင်းစီကို အိမ်တော်ကြီးတစ်ခုစီ၊ အိမ်တော်ကြီးတွေလက်အောက်မှာမှ အိမ်တော်ငယ်လေးတွေ သစ္စာခံထားတဲ့ပုံစံနဲ့ အုပ်ချုပ်နေတာပါ။ မြောက်ပိုင်းမှာ ပေခုနစ်ရာကျော်မြင့်တဲ့ မြို့ရိုးတံတိုင်းကြီးရှိပြီး Widlings လို့ခေါ်တဲ့ လူရိုင်းတွေရန်ကို ကာကွယ်ပေးထားပါတယ်။ လက်ရှိမှာ Seven Kingdoms ကို ဘရာသီယွန်အိမ်တော်က ရောဘတ် ဘရာသီယွန်(Robert Baratheon) က အုပ်ချုပ်လျက်ရှိပါတယ်။ သူက ညီအစ်ကိုလိုချစ်ခင်ရတဲ့ နဒ်စတာ့ခ်နဲ့အတူ အေရီး တာဂေးရီးယန်း (Aerys Targaryen) ကိုပုန်ကန်ပြီးထီးနန်းလုခဲ့လို့ နန်းကျဘုရင်မျိုးဆက်ဖြစ်တဲ့ တာဂေးရီးယန်းမောင်နှမနှစ်ယောက်ကတော့ ပင်လယ်တစ်ဖက်ခြမ်း Esso ကိုထွက်ပြေးခဲ့ရပါတယ

ဇာတ်လမ်းစတင်ချိန်မှာတော့ မြောက်ပိုင်းမှာကာရံထားတဲ့တံတိုင်းအပြင်ဘက်မှာ ကွယ်ပျောက်သွားပြီလို့မှတ်ယူထားတဲ့ White Walkers တွေပြန်လည်ထွက်ပေါ်လာနေပြီး လက်ရှိဘုရင်ရောဘတ်က လက်ရုံးဖြစ် သူဂျွန်အာယန် (Jon Arryn) သေဆုံးသွားလို့ နဒ်စတာ့ခ်ရှိရာ မြောက်ပိုင်းဝင်းတာဖဲလ်အိမ်တော်ကို King’s Landing ကနေဆင်းလာတာကနေ စတင်ထားပါတယ်။ ရောဘတ်နဲ့အတူ သူ့မိဖုရား ဆာစီလန်နစ္စတာ(Cersei Lannister)၊ သားဖြစ်သူ ဂျော်ဖရီ (Joffery)၊ ဆာစီရဲ့မောင်တွေဖြစ်တဲ့ ဂျေမီ (Jamie) နဲ့ ရုပ်ဆိုးဆိုးလူပု တိုင်ရီယွန်( Tyrion) တို့တစ်သိုက်လည်းပါလာလေရဲ့။ ဝင်းတားဖဲလ်မှာရှိနေတုန်းမှာပဲ နဒ်ရဲ့ သားအငယ် ဘရန်စတာ့ခ် (Bran Stark)ဟာ ဆာစီနဲ့ ဂျေမီတို့ မောင်နှမနှစ်ယောက် ဖောက်ပြန်နေတာကိုတွေ့သွားလို့ ဂျေမီက မျှော်စင်ပေါ်က တွန်းချလိုက်လို့ ဘရန်ဟာ ကိုမာဝင်သွားခဲ့ပါတယ်။ နဒ်ရဲ့မိန်းမကတ်တလင်းက နေပြည်တော်ကိုလိုက်မသွားဖို့ တားနေတဲ့ကြားက ခေါင်းမာတဲ့နဒ်ကတော့ ညာလက်ရုံးတာဝန်ကိုလက်ခံပြီး ဆန်ဆာ(Sansa) နဲ့ အာယာ (Arya) သမီးနှစ်ယောက်လုံးကိုပါ ခေါ်သွားခဲ့ပါတယ်။ ဒီအတွက် ဝင်းတားဖဲလ်မှာ သားအကြီးဆုံးဖြစ်သူ ရော့ဘ်စတာ့ခ် (Rob Stark) က ဦးစီးဖို့ကျန်နေခဲ့ပြီး နဒ်ရဲ့မျိုးမစစ်သားဖြစ်တဲ့ ဂျွန်စနိုး( Jon Snow) ကတော့ မြောက်ဘက်နံရံဆီ ညစောင့်တပ်ထဲဝင်ဖို့ ထွက်ခွာသွားတယ်။ ဗဟုသုတရှာချင်တဲ့ လူပုလေးတိုင်ရီယွန်လည်း နံရံမြို့ရိုးကြီးကို ကြည့်ဖူးချင်တဲ့အတွက်ကြောင့်ဆိုပြီး လိုက်ပါသွားခဲ့တယ်။

အဲဒီအချိန် ပင်လယ်တစ်ဖက်ခြမ်း Esso မှာတော့အစ်ကိုဖြစ်သူ ဗစ်စရီ (Viserys) ဟာ စစ်တပ်တစ်ခုရရှိဖို့အရေး ဒနဲရီ (Daenerys) ဒေါ့တ်ရာခီလို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်စုခေါင်းဆောင် ခါဒရိုဂို (Drogo) ဆီရောင်းလိုက်တယ်။ အချိန်ကြာလာတော့ ဒနဲရီလည်း ဒရိုဂိုအပေါ် သံယောဇဉ်တွယ်လာသလို ကိုယ်ဝန်ပါရှိလာရော။ ဝင်းတားဖဲလ်မှာတော့ မေ့မြောနေတဲ့ဘရန်ကိုလုပ်ကြံဖို့ရောက်လာတဲ့လူတစ်ယောက်ကိုဖမ်းမိပြီး သံသယဝင်လာတာကြောင့် ကတ်တလင်း(Catelyn) ဟာ နဒ်ကိုသတိပေးဖို့ နေပြည်တော်ကိုလိုက်လာပါတယ်။ နဒ်နဲ့မတွေ့ခင် သူ့ရဲ့ငယ်သူငယ်ချင်း ပီတာဘေးလစ်ရှ် (Peter Baelish) နဲ့တွေ့တော့ ပီတာက လူသတ်သမားရဲ့ဓားဟာ တိုင်ရီယွန်ကို သူကိုယ်တိုင်ပေးထားတာလို့ ပြောလိုက်တယ်။ ပီတာ အကြောင်းမသိတဲ့ ကတ်တလင်းကတော့ နဒ်ကို စောင့်ရှောက်ပေးဖို့တောင် အတန်တန်မှာသွားခဲ့လိုက်သေးတယ်။ အဲဒီအချိန်မှာ ဂျွန်အာယန် သေဆုံးမှုကိုစုံစမ်းရင်း ရောဘတ်မှာ တရားမဝင်သားတစ်ယောက်ရှိမှန်း နဒ်ကသိသွားခဲ့တယ်။ တိုင်ရီယွန်ဟာလည်း ဘရန်ကိုသတ်ဖို့ကြံစည်တယ်ဆိုပြီး ကတ်တလင်း ဖမ်းလေရာနောက်ပါသွားပါတယ်။

ဒီလိုနဲ့ သူတို့တွေ ကတ်တလင်းရဲ့ညီမ ဂျွန်အာယန်းရဲ့ဇနီးလည်းဖြစ်တဲ့ လိုင်စာရဲ့အိမ်တော်ကိုရောက်သွားခဲ့ပါတယ်။ တိုင်ရီယွန်ဟာ သူ့ကိုစွပ်စွဲထားတဲ့ပြစ်မှုတွေကို စီးချင်းတိုက်ပြီးချေဖျက်မယ်လို့ စကားနဲ့စည်းရုံးပြီး သူ့ကိုယ်စား ကြေးစားစစ်သည်ဘရွန်ကို တိုက်ခိုက်ခိုင်းကာ လွတ်မြောက်သွားတယ်။ စုံစမ်းစစ်ဆေးတာတွေထပ်လုပ်ရင်းနဲ့ နဒ်တစ်ယောက် ဂျော်ဖရီဟာ ဂျေမီနဲ့ဆာစီတို့ ဖောက်ပြန်ပြီးရလာတဲ့ကလေးဆိုတာ တဖြည်းဖြည်းရိပ်မိလာတယ်။ သူသိတဲ့အချိန်မှာပဲ ရောဘတ်ကလည်း အမဲလိုက်ရင်းဒဏ်ရာရပြီး သေသွားလေရော။ လူရိုးလူဖြောင့်နဒ်ကတော့ ဆာစီကိုသွားပြီး အကြောင်းစုံသိကြောင်း၊ ဖော်ထုတ်မှာဖြစ်ကြောင်းတွေပြော၊ ပီတာကိုယုံပြီး ထီးနန်းလွှဲဖို့အစီအစဉ်တွေချ၊ ရောဘတ်ရဲ့ညီ စတန်းနစ်ဘရာသီယွန် (Stannis Baratheon) ကို နန်းမွေဆက်ခံရမယ့်သူအကြောင်းတွေရှင်းပြ လုပ်နေတုန်းမှာပဲ ပီတာက လန်နစ္စတာတွေနဲ့ ပေါင်းပြီးသစ္စာဖောက်လို့ ထောင်ထဲရောက်သွားခဲ့ရတယ်။ ဂျော်ဖရီကို ဘုရင်မြှောက်ပြီး နဒ်ရဲ့ဘက်တော်သားတွေအားလုံးကိုလည်း ရှင်းပစ်လိုက်ကြတယ်။ သမီးနှစ်ယောက်ဖြစ်တဲ့ ဆန်ဆာနဲ့ အာယာနှစ်ယောက်မှာ ဆန်ဆာကို ဂျော်ဖရီနဲ့ လက်ထပ်ဖို့ချန်ထားခဲ့ပေမယ့် သွက်သွက်လက်လက်ရှိတဲ့ အငယ်မလေး အာယာကိုတော့ မဖမ်းထားနိုင်လိုက်ကြပါဘူး။ ဘုရင်ကိုသစ္စာဖောက်ပြီး ပုန်ကန်ဖို့ကြိုးစားတယ်လို့ဝန်ခံရင် ဆန်ဆာကိုချမ်းသာပေးမယ်၊ နဒ်ကိုလည်း ရာဇဝတ်ကောင်အဖြစ်နဲ့မှတ်ယူပြီး တံတိုင်းဆီကိုပို့ပေးမယ်လို့ ကတိပေးခဲ့ကြတယ်။ ဒါပေမဲ့လည်း လန်နစ္စတာတွေက ကတိမတည်ခဲ့ပဲ ပြည်သူတွေနဲ့ ဆန်ဆာ့မျက်စိရှေ့မှာတင် နဒ်ကို ဂျော်ဖရီက သစ္စာဖောက်အဖြစ်နဲ့ ခေါင်းဖြတ်ကာ အဆုံးစီရင်လိုက်ပါတယ်။

မြောက်ပိုင်းရဲ့သခင်လို့ ပြောလို့ရတဲ့ နဒ်စတာ့ခ်ကို လန်နစ္စတာတွေက မကောင်းဝိုင်းကြံတာကို မခံမရပ်နိုင်ဖြစ်သွားတဲ့ မြောက်ပိုင်းအိမ်တော်အားလုံးက နဒ်ရဲ့ သားအကြီးဆုံး ရော့ဘ်ကို မြောက်ပိုင်းဘုရင်အဖြစ်မြှောက်လိုက်ကြတယ်။ ညစောင့်တပ်ထဲကိုရောက်၊ သန္ဒိဌာန်ဆိုထားရတဲ့ ဂျွန်စနိုးအတွက် အဖေဖြစ်သူရဲ့သတင်းက မိသားစုနဲ့ တာဝန်အကြား ဒွိဟတွေဖြစ်ပေမဲ့ မိသားစုကို ရော့ဘ်နဲ့ပဲစိတ်ချပြီးအဖေတူသားပီပီ တာဝန်ကိုပဲ အာရုံစိုက်လိုက်တယ်။ တခြားတစ်ဘက်မှာ စတန်းနစ် ဘရာသီယွန်ကလည်း သူသာ ထီးနန်းကိုဆက်ခံသင့်သူလို့ကြွေးကြော်ပြီး ထီးနန်းသိမ်းဖို့ တပ်စွဲထားလာတယ်။ Westros မှာ ဗြောင်းဆန်ခတ်နေချိန် ပင်လယ်တစ်ဖက်ခြမ်း Esso မှာတော့ ဒနဲရီဟာ တဖြည်းဖြည်းယုံကြည်မှုရှိလာပြီး အစ်ကိုဖြစ်သူ ဗစ်စရီရဲ့လွှမ်းမိုးမှုကို သည်းမခံတော့ပါဘူး။ ဗစ်စရီကလည်း အရည်အချင်းသိပ်မရှိဘဲ အာဏာရူးနေတာသာများနေတောမို့ မလေးမစားတာတွေ ပိုခံလာရပါတယ်။ နောက်ဆုံး ဒနဲရီက သူ့ကို တာဂေးရီးယန်းဟာ နဂါးတွေသခင်ဖြစ်တယ်။ နဂါးမှန်ရင် မီးမလောင်ဘူးဆိုပြီး ခေါင်းကိုသံရည်ပူနဲ့ လောင်းလိုက်လို့ သေသွားခဲ့ရတယ်။ ဒနဲရီကိုယ်တိုင်လည်း ရောဘတ်လွှတ်ထားတဲ့ လူသတ်သမားတွေရန်ကနေ လူယုံ ဂျိုရာမော်မွန်ကယ်လို့သာ လွတ်မြောက်ခဲ့ရတာပါ။

ဒါကြောင့်ပဲ နန်းပလ္လင်ကိုပြန်သိမ်းဖို့ စိတ်ဆုံးဖြတ်ချပြီး အကြမ်းရမ်းဆုံးလို့ပြောကြတဲ့ ဒေါ့တ်ရာခီတွေကိုလည်း ဒရိုဂို အရှိန်အဝါနဲ့အပိုင်စားရထားတဲ့ဒနဲရီအတွက် ပင်လယ်ကိုဖြတ်ကူးဖို့ပဲ ကျန်တော့တယ်လို့ ထင်ရတဲ့အချိန်မှာ အလှည့်အပြောင်းတစ်ခုဖြစ်သွားပါတယ်။ အတွေ့အကြုံနုလွန်းသေးတဲ့ဒနဲရီရဲ့အမှားနဲ့ ဒရိုဂိုသေဆုံးသွားပြီး ဒေါ့တ်ရာခီတပ်တွေလည်း ပျက်သွားတယ်။ ကြေကွဲသွားတဲ့ဒနဲရီတစ်ယောက် မီးပုံထဲကို မင်္ဂလာလက်ဖွဲ့ရထားတဲ့ နဂါးဥကြီးသုံးလုံးနဲ့အတူ အသေခံဝင်သွားချိန်မှာ နဂါးမှန်ရင်မီးမလောင်ဘူးဆိုတဲ့အတိုင်း အကောင်းအတိုင်းပြန်ထွက်လာတဲ့အပြင် နဂါးပေါက်စလေးသုံးကောင်ပါ ပြန်ပါလာတယ်။ ဒီလိုနဲ့ နောက်ဆုံး Westros မှာ ဘုရင်သုံးပါးပေါ်လာခဲ့ပြီး မြောက်ပိုင်းမှာတော့ ပျောက်ကွယ်သွားပြီလို့ယူဆထားတဲ့ White Walkers တွေအန္တရာယ်ကို ညစောင့်တပ်က ရင်ဆိုင်နေရပါတယ်။ ပင်လယ်တစ်ဘက်ခြမ်းမှာတော့ ဒနဲရီတစ်ယောက် နဂါးပေါက်စလေးသုံးကောင်နဲ့ Westros ကိုပြန်လာပြီး ထီးနန်းသိမ်းဖို့ ကြံစည်တော့မယ့်အနေအထားနဲ့ season (1) ကို အဆုံးသတ်လိုက်ပါတော့တယ်။

ဧပြီလ (၁၅) ရက်၊ မနက် ရး၃၀ အချိန် HBO HD လိုင်းမှာစတင်ပြသတော့မယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top