ကြိုးစားခြင်းမှသည် အောင်မြင်ခြင်း ဆီသို့

7-7-2020-yyl-017.jpg

တစ်ခါတုန်းက ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးမှာ ပျင်းရိပြီး အပျော်မက်တဲ့ သားတစ်ယောက်ရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးကတော့ သူ့သားကို အလုပ်ကြိုးစားပြီး တာဝန်ယူမှုရှိစေချင်ပြီး အလုပ်ရဲ့တန်ဖိုးကို နားလည်သဘောပေါက်စေချင်တယ်။

တစ်နေ့မှာ သူဟာ သူ့သားကို ခေါ်ပြီး ‘ငါဒီနေ့ မင်းကို အပြင်ထွက်ပြီး ပိုက်ဆံရှာစေချင်တယ်… မရှာနိုင်ခဲ့ရင် ဒီည ညစာမစားနဲ့’ လို့ ပြောခဲ့ပါတယ်။

သားဖြစ်သူဟာ အရေးမစိုက်သလို အလုပ်လုပ်ဖို့ စိတ်လည်းမဝင်စားပါဘူး။ အဖေခိုင်းလိုက်တာကို ကြောက်ပြီးတော့ အမေ့ဆီမှာ သွားငိုပါတယ်။ အမေဖြစ်သူက သားရဲ့ မျက်လုံးထဲက မျက်ရည်တွေကြောင့် စိတ်မကောင်းဖြစ်သွားတာနဲ့ သူ့သားကို ရွှေဒဂါၤးတစ်ပြား ပေးလိုက်ပါတယ်။ ညနေရောက်တော့ အဖေက သူ့သားကို ဘယ်လောက်ရှာလို့ ရလာလဲလို့ မေးလိုက်တယ်။ ဒီတော့ သားဖြစ်သူက ရွှေဒဂါၤးတစ်ပြားကို ချက်ချင်းထုတ်ပေးလိုက်တယ်။ အဖေဟာ အဲဒီ ဒဂါၤးပြားကို ရေတွင်းထဲ ပစ်ချဖို့ပြောတော့ သူ့သားက အဖေပြောတဲ့အတိုင်း ပစ်ချလိုက်တယ်။

အဖေဟာ ပညာရှိပြီး အတွေ့အကြုံရှိတဲ့သူ ဖြစ်တဲ့အတွက် ဒဂါၤးပြားဟာ သူ့ဇနီးပေးလိုက်တာပဲဆိုတာ ခန့်မှန်းနိုင်ခဲ့တယ်။ နောက်နေ့ သူဟာ သူ့ဇနီးကို သူမမိဘတွေ ရှိတဲ့မြို့ကို ပို့ပြီး သူ့သားကို ထပ်ပြီး ငွေရှာလွှတ်လိုက်တယ်။ တကယ်လို့ မရှာနိုင်ခဲ့ဘူးဆိုရင် ညစာမစားရဘူးဆိုတဲ့ အမိန့်နဲ့အတူပေါ့… ဒီတစ်ကြိမ်တော့ သူဟာ စာနာတတ်လွန်းတဲ့သူ့အစ်မဆီကို သွားပြီး ငိုကြွေးခဲ့ပါတယ်။ အစ်မဖြစ်သူဟာလည်း သနားပြီး သူစုထားတဲ့အထဲက ငွေဒဂါၤးတစ်ပြား ပေးလိုက်တယ်။ ညဘက်ရောက်တော့ သူ့အဖေ မေးတဲ့အခါ ဒဂါၤးပြားလေးကို ထုတ်ပြလိုက်တာပေါ့။ အဖေက ထပ်ပြီး ဒဂါၤးပြားကို ရေတွင်းထဲပစ်ချဖို့ ပြောတော့ ချက်ချင်းပဲ ပစ်ချလိုက်ပြန်တယ်။

ပညာရှိလှတဲ့အဖေက သူ့သားကို ဒီငွေဟာ အလုပ်လုပ်ပြီး ရခဲ့တဲ့ငွေမဟုတ်တာကို ပြောလိုက်တယ်။ အဖေက သူ့သမီးကို ယောက္ခမတွေ အိမ်ကို ပို့လိုက်တယ်။ နောက်တော့ သူ့အဖေက သူ့သားကို အပြင်ထွက်ပြီး ပိုက်ဆံရှာလာဖို့ ခိုင်းပြန်တယ်။ မရှာနိုင်ရင် ဒီည ညစားမစားရဘူးလို့လဲ မှာလိုက်ပါသေးတယ်။

ဒီတစ်ကြိမ်တော့ သူ့ကို ကူညီမဲ့သူ မရှိတော့ပါဘူး။ သူဟာ ဈေးကိုသွားပြီး အလုပ်ရှာရပါတော့တယ်။ ဆိုင်ရှင်တစ်ယောက်က သစ်တုံးတွေကို သူ့အိမ်အထိ သယ်ပို့ပေးမယ်ဆိုရင် သူ့ကို ဒဂါၤးနှစ်ပြား ပေးမယ်လို့ပြောပါတယ်။ သူဌေးသားဟာ မငြင်းပယ်နိုင်တော့ပါဘူး။

အလုပ်တွေ ပြီးသွားတဲ့အချိန်မှာတော့ ချွေးတွေရွှဲရွှဲစိုနေခဲ့ပါတယ်။ ခြေထောက်တွေတုန်ပြီး လည်ပင်းနဲ့ကျောတွေဟာ နာကျင်နေပါတယ်။ အိမ်ပြန်ရောက်တဲ့အချိန် သူ့အဖေရှေ့မှာ ဒဂါၤးနှစ်ပြားကို ထုတ်ပေးပါတယ်။ အဖေက အရင်အတိုင်း ရေတွင်းထဲ ပစ်ချခိုင်းတာပေါ့… ဒီတော့ သူ့သားက ထိတ်လန့်ပြီး ငိုကြွေးပါတော့တယ်။ သူဒီလို ပင်ပင်ပန်းပန်း ရှာထားရတဲ့ငွေကို လွှင့်ပစ်ဖို့ကို သူစိတ်တောင်မကူးမိပါဘူး။ ‘အဖေ… သားတစ်ကိုယ်လုံးလဲ နာကျင်နေတယ်။ ဒါကို အဖေက ရေတွင်းထဲကို ပိုက်ဆံပစ်ချခိုင်းနေတယ်’ လို့ ငိုပြီးပြောပါတော့တယ်။

အဲဒီအခါ အဖေဖြစ်သူက ပြုံးလိုက်ပြီး သူ့သားကို အလုပ်ကြိုးစားလို့ရတဲ့ အသီးအပွင့်ကြောင့် နာကျင်မှုဒဏ်ကို ခံစားရတာ ဖြစ်တယ်လို့ ပြောပြတယ်။ အစတုန်းက အမေနဲ့ အစ်မပေးလိုက်တဲ့ငွေကို ရေတွင်းထဲပစ်ချတာကျတော့ မနာကျင်ရဘူး။ သားဖြစ်သူဟာ အလုပ်ကြိုးစားခြင်းရဲ့တန်ဖိုးကို သဘောပေါက်နားလည်သွားပြီ။ သူဟာ ဘယ်တော့မှ မပျင်းရိတော့ဘဲ သူ့အဖေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ထိန်းသိမ်းဖို့ ကတိပေးလိုက်တဲ့အခါ အဖေဟာ သူ့ဆိုင်တွေရဲ့သော့ကို သူ့သားကို လက်လွှဲပေးလိုက်ပါတော့တယ်။ ဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေဆိုတာ အခက်ခဲဆုံး အခြေအနေတွေကနေ လာတယ်ဆိုတာ သိမြင်နိုင်ကြပါစေ။

Ref: pravsworld.com “Hard work bring success”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top