(၃) နှစ်ကြာ ပိုက်ဆံစုပြီး သူ့အိုင်ဒေါရဲ့ဖျော်ဖြေပွဲတွေကို လိုက်ကြည့်ခဲ့တဲ့ ဟယ်ရီစတိုင်ရဲ့အမာခံပရိသတ်

9-8-2022-yyl14.jpg

(၃) နှစ်ကြာ ပိုက်ဆံစုပြီး သူ့အိုင်ဒေါ ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲတွေကို လိုက်ကြည့်ခဲ့တဲ့ ဗီရာ ပရိုဆီ

ဘယ်သူမဆို ကိုယ်အကြိုက်ဆုံးအိုင်ဒေါရဲ့ဖျော်ဖြေပွဲကျင်းပတဲ့ နေရာတိုင်း လိုက်ကြည့်ချင်တာပါ။ လိုက်ကြည့်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ဘူး။ ဒီအမျိုးသမီးတစ်ယောက်ဆိုရင် သူ့အိုင်ဒေါ ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲတွေသွားကြည့်ချင်တဲ့ အိပ်မက်က တကယ်ဖြစ်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ နယ်သာလန်နိုင်ငံ၊ ဂရိုနင်းဂျန်မြို့က အသက် ၂၄ နှစ်အရွယ် ဗီရာ ပရိုဆီဆိုသူပါ။

ဗီရာက ဟယ်ရီစတိုင်ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ Love on Tour (ဒုတိယအယ်လ်ဘမ် Fine Line နဲ့ တတိယအယ်လ်ဘမ် Harry’s House တို့ကို ပံ့ပိုးတဲ့အနေနဲ့ ကျင်းပတဲ့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲ) ကို ကြည့်ရဖို့အတွက် (၃) နှစ်ကြာ ပိုက်ဆံစုဆောင်းနေခဲ့တာပါ။ အခုဆို သူက ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲကို တစ်လအတွင်း (၈) ပွဲ ကြည့်ခွင့်ရခဲ့ပါပြီ။

ဗီရာက ဟယ်ရီကို အနီးကပ်မြင်ခွင့်ရ

ဇွန်လ ၁၉ ရက်နေ့၊ လန်ဒန်မြို့ Wembley Stadium မှာကျင်းပပြုလုပ်တဲ့ ဟယ်ရီရဲ့ Love on Tour ဖျော်ဖြေပွဲ ဒုတိယညကို ဗီရာ ပထမဆုံးကြည့်ခဲ့တာပါ။ အဲဒီကနေ ဇွန်လ ၂၂ ရက်နေ့၊ အိုင်ယာလန်၊ ဒပ်ဗလင်မြို့မှာကျင်းပတဲ့ဖျော်ဖြေပွဲ၊ ဇွန်လ ၂၆ ရက်နေ့၊ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မှာ ကျင်းပတဲ့ဖျော်ဖြေပွဲတွေကို သွားကြည့်ခဲ့တယ်။

ဗီရာက ကြားထဲ (၁၀) ရက်လောက်နားပြီး ဇူလိုင်လ ၇ ရက်နေ့ဖျော်ဖြေပွဲအတွက် ဘယ်ဂျီယံ၊ အန့်တွပ်မြို့ကို သွားရောက်ခဲ့တယ်။ အဲဒီနောက် ဇူလိုင် ၉ ရက်နေ့မှာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ မြူးနစ်ချ်မြို့ကို သွားရောက်ခဲ့တယ်။ ဇူလိုင်၂၂ ရက်နေ့ ကိုလုံးမြို့မှာ ဖျော်ပွဲမတိုင်ခင် ဗီရာက ဇူလိုင်လ ၂၀ ရက်နေ့ဖျော်ဖြေပွဲအတွက် ဘာလင်မြို့ကို သွားခဲ့ပါတယ်။

ဟယ်ရီရဲ့ပုံတွေကိုလည်း အနီးကပ်ရိုက်ခွင့်ရ

ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေမှုမြင်ကွင်းကို သေချာမြင်ရတဲ့ လက်မှတ် (၆) စောင်က တစ်စောင်ကို ပေါင် ၁၇၀ ကုန်ကျခဲ့ပါတယ်။ အခြားဖျော်ဖြေပွဲတွေအတွက် လက်မှတ်ခက ပေါင် ၈၀ ဝန်းကျင်ဖြစ်ပြီး ဖျော်ဖြေပွဲအားလုံးအတွက် စုစုပေါင်းလက်မှတ်ဖိုးက ပေါင် ၁၂၀၀ နီးပါးဖြစ်ပါတယ်။ဒါက လက်မှတ်ဖိုးပဲ ရှိပါသေးတယ်။ ဖျော်ဖြေပွဲလာကြည့်ဖို့ လေယာဉ်၊ ရထား၊ ဘက်စ်ကားအပါအဝင် သွားလာစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်အားလုံးအတွက် ပေါင် ၃၀၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ဗီရာကဆိုပါတယ်။

ဗီရာက အခုလို ဟယ်ရီစတိုင်ရဲ့ ဖျော်ဖြေပွဲကြည့်ရဖို့ (၃) နှစ်လောက် ပိုက်ဆံစုဆောင်းခဲ့ပြီး သူနဲ့အတူ သွားကြည့်မယ့် အခင်ဆုံးသူငယ်ချင်း (၂) ယောက်နဲ့ စီစဉ်ဆွဲခဲ့ကြတာပါ။ ၂၀၂၀ ခုနှစ်က ဟယ်ရီစတိုင်ရဲ့ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ပြီးနောက် ဗီရာက ပိုက်ဆံစုဖို့ နောက်ထပ် (၂) နှစ် အချိန်ရခဲ့တာပါ။

ဟယ်ရီရဲ့ပုံတွေကိုလည်း အနီးကပ်ရိုက်ခွင့်ရ

‌ဗီရာက One Direction အဖွဲ့ရဲ့ပရိသတ်ဖြစ်ခဲ့တုန်းကတော့ အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေကို သွားမကြည့်ခဲ့ဘူး။ ဟယ်ရီစတိုင် တစ်ကိုယ်တော်အဆိုတော်ဖြစ်သွားတဲ့အချိန်မှာ ဗီရာက သူ့ကို အမာခံပရိသတ်တစ်ယောက်အနေနဲ့ ပိုပိုပြီးကြိုက်လာခဲ့တာပါ။ ဟယ်ရီရဲ့ဖျော်ဖြေပွဲတွေကြည့်ပြီးသွားတဲ့နောက်မှာလည်း ဗီရာက ဟယ်ရီရဲ့အမာခံပရိသတ်ဖြစ်နေတုန်းပါပဲ။ ဗီရာက ဟယ်ရီရဲ့ဖျော်ဖြေပွဲကို ထာဝရအမှတ်ရနေစေဖို့ Harry’s House သီချင်းအယ်လ်ဘမ်နာမည်လို အိမ်သေးသေးလေး တက်တူးထိုးချင်နေပါတယ်။

Ref: TheMirror “Harry Styles super fan pays staggering amount to see him eight times in one month”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top