နည်းပညာကုမ္ပဏီတစ်ခုက စက်ရုပ်မှာ မျက်နှာအသွင်အပြင်ယူသုံးခွင့်ပြုမယ့်သူကို ဒေါ်လာ ၂ သိန်းပေးပြီး ရှာဖွေနေ

29-11-2021yyl4.png

နည်းပညာကုမ္ပဏီတစ်ခုက လူသားနဲ့တူတဲ့ စက်ရုပ်ကို စတင်ဖြန့်ဖြူးဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အဲဒီစက်ရုပ်ဖန်တီးဖို့အတွက် ဖော်ရွေတဲ့လူသားမျက်နှာပုံစံကို လိုချင်နေတာပါ။ အဲဒါကြောင့် စက်ရုပ်ထုတ်လုပ်တဲ့ Promobot နည်းပညာကုမ္ပဏီက ၂၀၂၃ခုနှစ် ကစပြီး ဟိုတယ်၊ ဈေးဝယ်စင်တာ နဲ့ လေဆိပ်တွေမှာ အသုံးပြုသွားမယ့် လူသားစက်ရုပ်မှာ သုံးမယ့် မျက်နှာအသွင်အပြင်ကို ရှာဖွေနေပါတယ်။

ဒီကုမ္ပဏီက စက်ရုပ်အတွက် သူ့ရဲ့မျက်နှာအသွင်အပြင်ကို ထာဝရအသုံးပြုခွင့်ပြုမယ့် လူတစ်ယောက်ကို ဒေါ်လာ ၂ သိန်း (ပေါင် ၁၅၀,၀၀၀) ပေးပြီး ကမ်းလှမ်းနေပါတယ်။ Promobot က လူသားစက်ရုပ်တွေကြောင့် လူသိများတဲ့ နယူးယောက်အခြေစိုက်စက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုပါ။ ဒီကုမ္ပဏီရဲ့စက်ရုပ်တွေကို နိုင်ငံပေါင်း ၄၃ နိုင်ငံမှာ အသုံးပြုနေတာဖြစ်ပါတယ်။

၂၀၁၉ခုနှစ်ကတည်းက လူသားစက်ရုံတွေ ဈေးကွက်ထဲရောက်ဖို့ ထုတ်လုပ်ဖြန့်ဖြူးနေခဲ့တာပါ။ အဲဒီကုမ္ပဏီရဲ့ဖောက်သည်အသစ်တွေက အကြီးစားပရောဂျက်တစ်ခုကို စတင်ဖြန့်ဖြူးစေချင်ခဲ့ကြတယ်။ အဲဒီအတွက် ဉပဒေနဲ့အညီ တရားဝင်လုပ်ဆောင်ဖို့အတွက် စက်ရုပ်အသွင်အပြင်လက္ခဏာအသစ်တစ်ခုကို လိုင်စင်ရဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အသွင်အပြင်အသစ်နဲ့ စက်ရုပ်ကို ၂၀၂၃ခုနှစ်မှာ စတင်ဖြန့်ဖြူးမှာဖြစ်ပြီး အရွေးချယ်ခံရတဲ့လူတစ်ယောက်ရဲ့မျက်နှာက အဲဒီစက်ရုပ်ရဲ့မျက်နှာအသွင်အပြင်ဖြစ်လာမှာဖြစ်ပါတယ်။ Promobot က စက်ရုပ်အတွက် ကြင်နာပြီး ဖော်ရွေတဲ့ မျက်နှာရှိတဲ့လူဖြစ်ရမယ်လို့ သတ်မှတ်ထားပေမဲ့ ကျား/မ မရွေး ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အရင်ဆုံး စက်ရုပ်ရဲ့အပြင်ပိုင်းလက္ခဏာအတွက် အရွေးချယ်ခံရတဲ့သူဆီကနေမျက်နှာနဲ့ ခန္ဓာကိုယ်ရဲ့ 3D ပုံစံကို ယူမှာဖြစ်ပါတယ်။ ပြီးရင် အဲဒီလူရဲ့အသံကို ကူးယူဖို့အတွက် အနည်းဆုံး နာရီပေါင်း ၁၀၀ စကားပြောပေးရပါမယ်။ ဖောက်သည်တွေနဲ့ အဆက်အသွယ်လုပ်တဲ့အခါ အသံကို အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ အကန့်အသတ်မရှိ မျက်နှာအသွင်အပြင်ကို အသုံးပြုခွင့်ပြုတဲ့ သဘောတူစာချုပ်ကိုလည်း အရွေးချယ်ခံရတဲ့သူက ချုပ်ဆိုရမှာဖြစ်ပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီက မျက်နှာအသွင်အပြင်အသုံးပြုခွင့်ပြုမယ့် တစ်စုံတစ်ယောက်ကို ပိုက်ဆံနဲ့ ကမ်းလှမ်းတာ ဒါက ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်တုန်းကလည်း အမည်ဖော်ပြမထားတဲ့စက်ရုပ်ကုမ္ပဏီတစ်ခုက မျက်နှာအသွင်အပြင်အသုံးပြုခွင့်ပြုမယ့်လူတစ်ယောက်ကို ပေါင် ၁၀၀,၀၀၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

Ref: Dailymail & Ladbible “Tech firm will pay a brave volunteer £150,000 to use their face on its ROBOTS which will work in hotels, shopping malls and airports by 2023”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top