မိသားစုတစ်စုရဲ့ပျောက်သွားတဲ့ခွေးလေးကို ဒရုန်းနဲ့ ရှာဖွေကယ်တင်ခဲ့တဲ့ သူစိမ်းအမျိုးသား

25-11-2020-yyl-014.jpg

ယနေ့ခေတ်မှာ လူပျောက်ရင်၊ ပစ္စည်းတစ်ခုခုပျောက်ရင် လူမှုကွန်ယက်ပေါ်တင်လိုက်တာနဲ့ အကူအညီပေးမယ့်သူတွေပေါ်လာကြတာပါပဲ။ မိသားစုတစ်စုကလည်း ဂိုးလ်ဒင်း ရီထရီဗာအမျိုးအစားအိမ်မွေးခွေးလေး ပျောက်သွားခဲ့တာကြောင့် လူမှုကွန်ယက်ပေါ်တင်ပြီး အကူအညီတောင်းခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်တင်လိုက်တာနဲ့ အဲဒီမိသားစုကို ကူညီပေးမယ့်သူပေါ်လာခဲ့ပါတယ်။ နယူးယောက်မြို့က ဘရိုင်ယန် ဂျိမ်းစ် ( Brain James) ဆိုသူအမျိုးသားက မဲဒိုဆိုတဲ့ ခွေးလေးပျောက်သွားတာကို ကြေညာထားတဲ့ အွန်လိုင်းပေါ်က စာကို တွေ့ပြီး အဲဒီခွေးလေးကို ရှာဖွေဖို့အတွက် ကူညီပေးချင်တယ်လို့ ဆိုလာပါတယ်။ မဲဒိုဆိုတဲ့ ခွေးဖြူလေးက တောထဲမှာ ပျောက်သွားတာ (၁) ပတ်ကျော်လောက်ရှိနေပါပြီ။

ဂျိမ်းစ်က ခွေးလေးကို လေပေါ်ကနေ ဒရုန်းသုံးပြီး ရှာရင်လွယ်ကူလောက်မယ်လို့ ထင်ခဲ့တာပါ။ “နှင်းမကျခင်မှာ ခွေးလေးကို ကျွန်တော်တို့ရှာမယ်ဆိုရင် လေပေါ်ကနေ ဒရုန်းနဲ့ဆိုရင် မြင်တွေ့ရနိုင်တယ်လို့ ကျွန်တော်နားလည်ထားတာပါ” လို့ ဂျိမ်းစ်က ဆိုပါတယ်။ ဂျိမ်းစ်က လိုင်စင်ရတောင်တတ်လမ်းညွှန်နဲ့ ဒရုန်းမောင်းနှင်သူဖြစ်ပါတယ်။

ဂျိမ်းစ်က မဲဒိုဆိုတဲ့ခွေးလေးကို ရှာပေးဖို့အတွက် နယူးယောက်မြို့က Andes မြို့ငယ်လေးကို ရောက်ဖို့ မိုင်အနည်းငယ်လောက် ခရီးနှင်လာခဲ့ပါတယ်။ အဲဒီမှာ မဲဒိုကို နောက်ဆုံးတွေ့ခဲ့တဲ့ နေရာတစ်ဝိုက်က သစ်ပင်တွေကြားမှာ ကြိုးစားရှာဖွေဖို့အတွက် ဒရုန်းကို အသုံးပြုခဲ့ပါတယ်။ ဒရုန်းနဲ့ရှာဖွေရင်းနဲ့ မကြာခင်မှာပဲ ဒရုန်းထဲမှာ ခွေးဖြူလေးတစ်ကောင်ပေါ်လာခဲ့ပါတယ်။ “ကျွန်တော် မဲဒိုကို ရှာတွေ့နိုင်ခဲ့တယ်” လို့ ဂျိမ်းစ်က ပြောပါတယ်။

ဒရုန်းမှာ ခွေးလေးပေါ်လာချင်း အဲဒီနေရာကို အလျင်အမြန်သွားခဲ့ပြီး ခွေးလေးကို သွားရှာခဲ့ပါတယ်။ ဂျိမ်းစ်က ခွေးလေးကို ထိခိုက်ဒဏ်ရာမရှိဘဲ ရှာတွေ့ခဲ့ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းပေးခဲ့ပါတယ်။ ခွေးပိုင်ရှင် ဂါရီ မော်ဂန်က မဲဒိုလေး အိမ်ပြန်ရောက်လာတဲ့အတွက် သူတို့အပျော်လွန်နေတယ်လို့ World News Tonight ကို ပြောပါတယ်။ သူတို့ကို အကူအညီပေးခဲ့တဲ့ သူစိမ်းအမျိုးသား ဂျိမ်းစ်ကိုလည်း အရမ်းကျေးဇူးတင်တယ်လို့ ဂါရီနဲ့သူ့ဇနီးက ဆိုပါတယ်။

“ခွေးလေးကို ကယ်တင်ပေးဖို့အတွက် ကျွန်မတို့ရှေ့ပေါ်လာခဲ့တဲ့ ဂျိမ်းစ်ကို အရမ်းကျေးဇူးတင်မိတယ်” လို့ ဂါရီရဲ့ဇနီးက ပြောပါတယ်။ ခွေးလေးကို ရှာဖွေကယ်တင်ပေးခဲ့တဲ့ ဂျိမ်းစ်ကတော့ ဘယ်သူမဆို သူ့လိုပဲ ကူညီပေးနိုင်တယ်လို့ ပြောပါတယ်။ “လူတိုင်း ကူညီပေးနိုင်စွမ်းရှိကြပါတယ်။ ရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာပဲ မသိတာပါ” လို့ ဂျိမ်းစ်က ပြောပါတယ်။

Ref: ABCNews “Man uses drone to rescue dog lost for 10 days in the woods”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top