ဥပုသ်စောင့်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

monks02.jpg

ဝါတွင်းကာလရောက်ပြီဆိုတော့ ဥပုသ်စောင့်ကြပြီပေါ့။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို

နေလွဲညစာ ရှောင်ကြတာ

သက်သတ်လွတ်စားကြတာ

တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။

နေလွဲညစာ ရှောင်ကြတာ

နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fasting တစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ Intermittent fasting ဟာ

အဆီတွေကို လောင်ကျွမ်းစေတယ်။

ကိုယ်အလေးချိန် ကျစေတယ်။

အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။

ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။

နှလုံးရောဂါကို ကာကွယ်ပေးတယ်။

ကင်ဆာကို ကာကွယ်ပေးတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။

အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။

အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။

ဒါပေမယ့် ဒီလိုကောင်းကျိုးတွေ ရဖို့အတွက်ဆိုရင်  IFကို စနစ်တကျ စားရမှာပါ။ ၁၂ မထိုးမချင်း တစ်စွတ်စွတ်စားနေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေပါတယ်။ အသီးအရွက်များများ၊ အသားစားတယ်ဆိုရင် အသားများများ၊ ပဲ၊ ဥ စတာတွေကို စားပေးပါ။ ဒါက အဆာလည်းခံနိုင်ပါတယ်။ မစားတဲ့အချိန်မှာ ဆိုရင်လည်း ရေတို့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေ သောက်ပေးပါ။

သက်သတ်လွတ် စားတာ

ဝါတွင်းကာလမှာ ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဝါတွင်း၃လလုံး ဖြစ်ဖြစ်၊ ဥပုသ်နေ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။

လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။

နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။

ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။

နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။

ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။

ဒါတွေဟာ သက်သတ်လွတ်စားတာတွေကြောင့်ပါ။ အသီးအရွက်တွေ စားတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် လတ်လတ်ဆတ်ဆတ် အသီးအရွက်ကို ချက်ပြုတ်စားသောက်ပါ။ ရေရှည်မှာ ပရိုတင်း ချို့တဲ့တာ မဖြစ်အောင် ပဲတွေ စားပေးပါ။ တခြားဗီတာမင်တွေ ချို့တဲ့တာ မဖြစ်အောင် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်နိုင်ပါတယ်။

တရားထိုင်၊ ပုတီးစိပ်တာ

တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက်

စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။

စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။

အာရုံစူးစိုက်မှု ကောင်းလာတယ်။

စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။

စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။

ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာတောင် ဘာသာရေးအရ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စူးစိုက်မှုအားကောင်းဖို့၊ စိတ်ဖိစီးမှု သက်သာဖို့၊ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ၊ နာကျင်တာတွေ သက်သာဖို့ ကုထုံးတစ်ခုအနေနဲ့ အသုံးပြုလာကြပါပြီ။

ဒါကတော့ ဝါတွင်းကာလမှာ ဥပုသ်စောင့်မယ့်သူ၊ သက်သတ်လွတ်စားမယ့်သူ၊ တရားထိုင်မယ့်သူတွေရမယ့် ကောင်းကျိုးတွေပါ။ ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဒီဝါတွင်းကို အကျိုးရှိရှိ အသုံးချရအောင်ပါ။

Ref: hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ: Dr. Thurein Hlaing Win
ရေးသားသူ: Dr. Htet Htet Zaw Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top