နှုတ်ဆက်ပွဲမှာ ကိုဘေးဘရိုင်ယန် ခြုံခဲ့တဲ့ပဝါ ကန်ဒေါ်လာ ၃၃,၀၀၀ ကျော်နဲ့ လေလံအောင်မြင်

1-4-2020-yyl-028.jpg

နောက်ဆုံးကစားခဲ့တဲ့ NBA ပွဲစဉ်အပြီး နှုတ်ဆက်စကားပြောကြားချိန်မှာ ကိုဘေးဘရိုင်ယန် ပခုံးပေါ်ခြုံထားတဲ့ ပဝါဟာ အွန်လိုင်းပေါ်က လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ Laker အသင်းကြယ်ပွင့် ကိုဘေးဘရိုင်ယန်ဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ Staples Center ကွင်းက နှုတ်ဆက်ပွဲမှာ သူ့ရဲ့လက်စွဲစကားဖြစ်တဲ့ Mamba Out ဆိုတဲ့ စကားလုံးနဲ့ အဆုံးသတ်ခဲ့ပြီး ကွင်းထဲကနေ ထွက်သွားခဲ့တာပါ။

ကိုဘေးဘရိုင်ယန်ရဲ့ ပဝါကို ပရိသတ်တစ်ယောက်က ရရှိခဲ့ပြီး အဲဒီနောက်ပိုင်း လေလံပွဲတွေမှာ အကြိမ်ကြိမ် အဖန်ဖန် လေလံတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လေလံပွဲမှာ အဲဒီပဝါနဲ့အတူ ၂၀၁၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ဘတ်စကတ်ဘောပွဲစဉ် လက်မှတ် နှစ်စောင်ကို အမေရိကန်ဒေါ်လာ ၃၃၀၇၇.၁၆ ဒေါ်လာနဲ့ လေလံအောင်မြင်ခဲ့တာပါ။

အသက် ၄၁ နှစ်ရှိတဲ့ ကိုဘေးဘရိုင်ယန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်မြို့က ရဟတ်ယာဉ်ပျက်ကျမှုမှာ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ဂျီအန်နာ၊ တခြားသူ ၇ ယောက်နဲ့အတူ သေဆုံးခဲ့ပါတယ်။ ကိုဘေးဘရိုင်ယန်ဟာ Laker အသင်းမှာ ရာသီ ၂၀ ကြာ ကစားခဲ့သူဖြစ်ပြီး NBA ချန်ပီယံဆု ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူပါ။ သူဟာ ၂၀၀၇-၀၈ ရာသီက NBA ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားးဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး NBA ကြယ်ပွင့်များစာရင်းမှာ ၁၈ ကြိမ်၊ All-NBA ကြယ်ပွင့်များစာရင်းမှာ ၁၅ ကြိမ် ရွေးချယ်ခံခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top