ဆံချည်မျှင် ၇ ပုံ၊ ၁ ပုံပဲရှိပြီး ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ စစ်ဆေးပေးနိုင်တဲ့ စက်ရုပ်ငယ်ကို အစ္စရေးသိပ္ပံပညာရှင်တွေ ဖန်တီး

11.4.2023-yyl-iamge-21.jpg

အစ္စရေးနိုင်ငံ တဲလ်အဗစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဆံချည်မျှင်ရဲ့ ၇ ပုံ၊ ၁ ပုံလောက် သေးငယ်တဲ့ စက်ရုပ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီစက်ရုပ်ငယ်လေးတွေဟာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက ထိခိုက်ပျက်စီးနေတဲ့ ဆဲလ်တွေကို ခွဲခြားဖော်ထုတ်၊ ယူငင်ပြီး တခြားနေရာကို ပို့ဆောင်ပေးနိုင်စွမ်းရှိတာကြောင့် ကင်ဆာရောဂါကို ကုသပေးနိုင်မယ့် နည်းလမ်းသစ်တစ်ရပ် ဖြစ်လာတော့မှာပါ။

စက်ရုပ်ငယ်လေးတွေကို သွားစေလိုတဲ့ နေရာဆီ လမ်းညွှန်နိုင်စွမ်းရှိပြီး သံလိုက်ဓာတ် (သို့မဟုတ်) လျှပ်စစ်ဓာတ်နဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ စက်ရုပ်ငယ်လေးတွေက ဆဲလ်အမျိုးမျိုးကို ခွဲခြားနိုင်ပြီး ဆဲလ်တွေ ကျန်းမာရဲ့လား၊ ထိခိုက်ပျက်စီးနေပြီလားဆိုတာကို ခွဲခြားပေးနိုင်သလို ဆေးထိုးပေးနိုင်စွမ်းလည်း ရှိပါတယ်။

တီထွင်ဆန်းသစ်တဲ့ အဲဒီနည်းပညာကို တဲလ်အဗစ်တက္ကသိုလ် ဇီဝဆေးပညာဆိုင်ရာအင်ဂျင်နီယာဌာနရဲ့ စက်မှုအင်ဂျင်နီယာကျောင်းမှ ပါမောက္ခ ဂီလတ်ယော့ဆီဖွန်နဲ့ သုတေသီတွေက ဖန်တီးခဲ့ကြတာပါ။ သူတို့ဟာ သုတ်ကောင်ကို နမူနာယူပြီး ဒီအိုင်ဒီယာ ရခဲ့တာလို့ ဆိုပါတယ်။

ဒီနည်းပညာဟာ ဆဲလ်တစ်ခုချင်းစီအထိ ကျန်းမာရေးစစ်ဆေးမှုလုပ်နိုင်ဖို့၊ ဆဲလ်တွေထဲမှာ မျိုးဗီဇနဲ့ ဆေးဝါးတွေ ထိုးသွင်းဖို့၊ မျိုးဗီဇပြုပြင်ဖို့၊ သဘာဝပတ်ဝန်းကျင်ထဲက ညစ်ညမ်းစေတဲ့ အမှုန်တွေကို ဖယ်ရှားရှင်းလင်းဖို့ အစရှိတဲ့ နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့ ရှိနေပါတယ်။

Ref: Microbot That Targets and Captures Damaged Cells is Real-Life Pac-Man

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top