လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်လို့ လူ ၆ ဦး သေဆုံး

5-7-2022-02.jpg

ချီကာဂိုမြို့နားမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲ လုပ်နေတုန်း သေနတ်သမားတစ်ယောက်က ခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့လို့ လူ ၆ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၂၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အီလီနွိုက်ပြည်နယ်၊ ဟိုက်လန်းပါ့ခ်မြို့မှအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ခရီမို(၃)လို့ အမည်ရသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ရက်သတ္တပတ်တိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်ကလည်း တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့နဲ့ နယူးယော့ခ်ပြည်နယ်၊ ဘက်ဖလိုမြို့တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုနောက်ဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ သေနတ်သမားက အားပြင်းတဲ့ ရိုင်ဖယ်ကို အသုံးပြုခဲ့ပြီး လူ ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တာပါ။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ကူးစက်ရောဂါလိုဖြစ်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုကို ဆက်လက်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတ ဂျိုးဘိုင်ဒင်က နှစ် ၃၀ နီးပါးအတွင်း ပထမဆုံးအဖြစ် သေနတ်လုံခြုံရေးဆိုင်ရာ ပြည်ထောင်စုဥပဒေကြမ်းကို လက်မှတ်ရေးထိုးပေးခဲ့တာပါ။ အဲဒီဥပဒေအရ လူငယ်တွေ သေနတ်ဝယ်ယူဖို့ ပိုခက်ခဲစေမှာဖြစ်ပြီး ပြည်နယ်အာဏာပိုင်တွေအနေနဲ့လည်း အန္တရာယ်ရှိတဲ့သူကို သေနတ်ကိုင်ခွင့်မပေးကြဖို့ တိုက်တွန်းထားပါတယ်။

အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ပရစ်ဇ်ကာကတော့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေပြီလို့ သတိပေးခဲ့ပါတယ်။

Ref: BBC ” Highland Park shooting: Man arrested after 4 July mass shooting”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top