သူစိမ်းတွေရဲ့ရက်ရက်ရောရောကူညီပေးမှုကြောင့် မင်္ဂလာပွဲအထမြောက်ခဲ့ရတဲ့ စုံတွဲ

5-7-2022-05.jpg

အမေရိကန်လူမျိုးစုံတွဲတစ်တွဲဟာ စကော့တလန်နိုင်ငံက လှပတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ လက်ထပ်ပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ ဒါကြောင့် လက်ထပ်ဖို့အတွက် အမေရိကန်ကနေ the Isle of Skye ကျွန်းကို လေယာဉ်နဲ့ လာရောက်ခဲ့ကြပါတယ်။

အဲဒီစုံတွဲကတော့ အက်မန်ဒါနဲ့ ပေါလ်တို့ပါ။ စကော့တလန်ကို မရောက်ခင် အစစအရာရာအဆင်ပြေခဲ့ပေမဲ့ စကော့တလန်နိုင်ငံကို ခြေချလိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့ခရီးဆောင်အိတ်တွေ ပျောက်သွားခဲ့ပါတယ်။ ခရီးဆောင်အိတ်ထဲမှာ နေ့ထူးနေ့မြတ်မှာ ဝတ်ဆင်မယ့် ဝတ်စုံနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေပါသွားခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ စဉ်းစားခဲ့တယ်။

အက်မန်ဒါနဲ့ပေါလ်

လေကြောင်းခရီးကြန့်ကြာပြီး လမ်းကြောင်းပြောင်းရတာတွေကြောင့် နဂိုစီစဉ်ထားတဲ့ရက်ထက် (၃) ရက်အကြာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာ ရောက်ခဲ့ပါတယ်။ ကံကောင်းသွားတာကတော့ မင်္ဂလာလက်စွပ်နဲ့ မင်္ဂလာပန်းစည်းတွေကို အက်မန်ဒါရဲ့လက်ဆွဲအိတ်နဲ့ သယ်လာတာကြောင့် ပျောက်မသွားခဲ့ပါဘူး။

အက်မန်ဒါတို့က နှစ်နှစ်ကျော်ကြာ စီစဉ်ခဲ့ရတဲ့ ဒီခရီးစဉ်အတွက် ပေါင် ၁၂၀၀၀ ကျော် ကုန်ကျခံခဲ့ရပေမဲ့ မင်္ဂလာပွဲဖျက်သိမ်းရလုနီးပါးဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် အက်မန်ဒါနဲ့ပေါလ်တို့အတွက် သူတို့ရဲ့ဓာတ်ပုံဆရာမ ရိုစီက ဒေသခံတွေဆီ အကူအညီတောင်းခံခဲ့ပါတဘ်။

ဒေသခံတွေ ငှားပေးတဲ့ မင်္ဂလာဝတ်စုံနဲ့ အက်မန်ဒါ

နာရီအနည်းငယ်အတွင်းမှာပဲ ဒေသခံတွေက အက်မန်ဒါကို သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ မင်္ဂလာဝတ်စုံ (၈) စုံကို ငှားပေးခဲ့ကြပါတယ်။ ပေါလ်ကိုလည်း စကော့တလန်အမျိုးသားတို့ ဝတ်ဆင်တဲ့ ရိုးရာစကပ်ကို ပေးခဲ့ကြပါတယ်။

အက်မန်ဒါက ဒေသခံတစ်ဦးဆီက မိတ်ကပ်ပစ္စည်းတချို့လည်း ရရှိခဲ့ပါတယ်။ အက်မန်ဒါတို့ ရောက်နေတဲ့ နေရာတစ်ဝိုက်မှာ စားသောက်အများစုပိတ်ထားတာကြောင့် ဓာတ်ပုံဆရာမ ရိုစီက သူတို့စုံတွဲကို သူ့သူငယ်ချင်းရဲ့အိမ်မှာ ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဒေသခံတစ်ဦးနဲ့အတူ တွေ့ရတဲ့ အက်မန်ဒါနဲ့ ပေါလ်

ကျွန်းသူကျွန်းသားတွေရဲ့ကြင်နာတရားနဲ့ပံ့ပိုးကူညီမှုတွေက အက်မန်ဒါတို့စုံတွဲရဲ့မင်္ဂလာပွဲကို အထမြောက်သွားစေခဲ့ပါတယ်။ သူတို့ စီစဉ်ထားသလို မင်္ဂလာပွဲမဟုတ်ခဲ့ပေမဲ့ သူတို့ရဲ့ဘဝတစ်လျှောက် အမှတ်ရသွားမယ့် ထူးခြားတဲ့မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ အက်မန်ဒါတို့က ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။

Ref: Couple Loses Luggage Before Dream Destination Wedding, Locals Come Together To Lend Them Stuff

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top