နှလုံးရပ်သွားခဲ့တဲ့ တောင်တက်သမားကို ဆရာဝန်တွေက ကယ်တင်ပေးနိုင်ခဲ့

14-11-2020-yyl-006.jpg

တောင်တက်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ တောင်တက်သမားဟာ ၄၅ မိနစ် နီးပါး နှလုံးရပ်သွားခဲ့ပေမဲ့ ဆရာဝန်တွေက အသက်ဆက်ရှင်နိုင်အောင် ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတောင်တက်သမားဟာ သူ့ကို အခုလိုကြိုးစားပမ်းစားကယ်တင်ပေးခဲ့တဲ့ ဆရာဝန်အဖွဲ့ကို ချီးမွမ်းစကားဆိုခဲ့တဲ့အပြင် ကျေးဇူးတင်စကားလည်း ပြောခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် မိုက်ကယ် ကနာပင်စကီ (Micheal Knapinski) ဆိုတဲ့အမျိုးသားဟာ ဝါရှင်တန်ပြည်နယ်က Mount Rainier National Park မှာ တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့ပြီး အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ရှာဖွေတွေ့ရှိခဲ့ကာ Harborview Medical Center ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးရုံရောက်တော့ မိုက်ကယ်ရဲ့နှလုံးက ရပ်နေပြီး နှလုံးပြန်ခုန်လာဖို့အတွက် CPR နဲ့ အခြားနည်းလမ်းတွေအသုံးပြုကာ ၄၅ မိနစ်လောက် အချိန်ပေးခဲ့ရတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အခုလို သူ့ကို ကြိုးစားပမ်းစားအသက်ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ သူ့ကို ရှာဖွေပေးခဲ့တဲ့သူတွေကို မိုက်ကယ်က ကျေးဇူးတင်မဆုံးဖြစ်နေပါတယ်။

မိုက်ကယ်ကတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ သူ့သူငယ်ချင်းတွေနဲ့ တောင်တက်သွားခဲ့ပြီး လမ်းတစ်လျှောက် လူစုခွဲသွားဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုနဲ့ သူတစ်ယောက်တည်း တောင်တက်ခဲ့ရပြီး ညရောက်လာတာနဲ့ ရာသီဥတုအခြေအနေကြောင့် ပတ်ဝန်းကျင်ကို ဘာမှမမြင်နိုင်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ “အဲဒီနေရာမှာ ကျွန်တော်ဘာမှမမြင်နိုင်ခဲ့ဘူး။ ကျွန်တော် ပျောက်သွားတဲ့အချိန်နဲ့ ဆေးရုံရောက်တဲ့အချိန်ကြားက အဖြစ်အပျက်တွေကို ကျွန်တော်မမှတ်မိဘူး။ ကျွန်တော် ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိတော့ဘူး” လို့ မိုက်ကယ်က ဆိုပါတယ်။

National Park အဖွဲ့သားတွေက နောက်နေ့မနက်ထိ ပန်းခြံမှာ မိုက်ကယ်ကို ရှာဖွေခဲ့ကြပါတယ်။ နောက်နေ့မနက်ခင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက မိုက်ကယ်ကို ရဟတ်ယာဉ်နဲ့ ရှာဖွေခဲ့ကြပါတယ်။ မိုက်ကယ်ကို ရှာတွေ့ပြီး ဆေးရုံရောက်တော့ သူ့ခန္ဓာကိုယ်က ၇၀ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး သွေးက ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်မစီးဆင်းတော့ နှလုံးကလည်း ပုံမှန်အခြေအနေမဟုတ်တော့ဘူးလို့ မိုက်ကယ်ကို အရေးပေါ်ကုသပေးခဲ့ရတဲ့ ဒေါက်တာ နစ် ဂျွန်ဆန် (Nick Johnson) က ပြောပါတယ်။

မိုက်ကယ်အသက်ပြန်ရှင်လာဖို့အတွက် ဆရာဝန်အဖွဲ့က ကြိုးစားကယ်တင်ပေးခဲ့ပါတယ်။ မိုက်ကယ်ရဲ့အဓိကသွေးလွှတ်ကြောထဲကို ပိုက်တွေထည့်၊ သူ့ခန္ဓာကိုယ်ကနေ သွေးတွေဖောက်ချ၊ အောက်ဆီဂျင်ပိုက်တက်ပေးတာတွေပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၄၅ မိနစ်လောက် အချိန်ယူခဲ့ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ရဲ့နှလုံးပြန်ခုန်လာခဲ့ပါတယ်။ (၂) ရက်အကြာမှာတော့ မိုက်ကယ် သတိရလာခဲ့တဲ့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း စိတ်သက်သာရာရခဲ့ပါတယ်။ မိုက်ကယ်နိုးလာတော့ သူ့ရဲ့အသိစိတ်ပြန်ရလာဖို့ ကြိုးစားနေရတုန်းပါပဲ။ ဒါပေမဲ့ ဆရာဝန်တွေက သူ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ သူ့ကို ဘယ်လိုကယ်တင်ခဲ့ရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

မိုက်ကယ် ပြန်လည်သက်သာလာဖို့ အများကြီးလိုသေးတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ မိုက်ကယ်က သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို စေတနာ့ဝန်ထမ်းအလုပ်ကနေတဆင့် ကျေးဇူးဆပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။ နောက်ထပ် တောင်တက်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ရာသီဥတုအခြေအနေကောင်းမှသာ နောက်တစ်ကြိမ် တောင်တက်ဖို့ စဉ်စားထားတယ်လို့ ပြောပါတယ်။ “ကျွန်တော် နောက်တစ်ကြိမ် အန္တရာယ်ကင်းစေရမယ်။ ဘယ်သူနဲ့မှလည်း ခွဲပြီးသွားတော့မှမဟုတ်ပါဘူး။ ကျွန်တော့်အမှားကနေ သေချာပေါက်သင်ခန်းစာရပါတယ်” လို့ မိုက်ကယ်က ဆိုပါတယ်။

Ref: ABCNews “Hiker who went missing in mountain in whiteout conditions ‘grateful’ to doctors who revived him”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top