လာမယ့် သုံးနှစ်အတွင်းမှာ ရွှေ့ပြောင်း အခြေချ နေထိုင်သူ တစ်သန်းကျော်ထိ လက်ခံသွားနိုင်ဖို့ ကနေဒါ စီစဉ်နေ

multi-levels-year-2018-2021.png

ကနေဒါမှာ သွားနေချင်တယ်လို့များ သင်ပြောခဲ့ဖူးတယ်ဆိုရင်ရင် အခုအချိန်က အထုပ်အပိုး ပြင်ဆင်ဖို့ကောင်းတဲ့ အချိန်ပါပဲ။ အကြောင်းကတော့ ရွှေ့ပြောင်း အခြေချ နေထိုင်သူ တစ်သန်းကျော်အထိ လာမယ့် သုံးနှစ်အတွင်းမှာ လက်ခံသွားမယ့် အစီအစဉ်တွေ ရှိနေကြောင်းကို ကနေဒါ လွှတ်တော်က ကြေညာလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ နှစ်စဉ်တိုင်း နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်နီးပါးရှိတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို လက်ခံနေခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ၂၈၆,၀၀၀ ဦး ကို လက်ခံပေးခဲ့ကာ ဒီနှစ်ထဲမှာတော့ ၃၅၀,၀၀၀ ဦးအထိ ရှိလာခဲ့ပါပြီ။

ဒီနှုန်းအတိုင်း ဆက်ပြီး လက်ခံသွားမယ်ဆိုရင် ရွှေ့ပြောင်း နေထိုင်သူဦးရေဟာ ၂၀၂၀ ခုနှစ်မှာ ၃၆၀,၀၀၀ ဦးနဲ့ ၂၀၂၁ ခုနှစ်မှာ ၃၇၀,၀၀၀ ဦးအထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှု သမိုင်းတစ်လျှောက် လက်ခံ ကြိုဆိုခဲ့သမျှ အခြေချ နေထိုင်လာသူတွေရဲ့ အားကို ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ ကနေဒါဟာ အားမာန်အပြည့်နဲ့ တိုးတက် ဖွံ့ဖြိုးလာခဲ့ပါပြီ” လို့ ကနေဒါရဲ့ ရွှေ့ပြောင်း နေထိုင်သူ၊ ဒုက္ခသည်နဲ့ နိုင်ငံသားရေးရာ (IRCC) ဝန်ကြီး အာမက်ဒ် ဟူဆန်က ပြောခဲ့ပါတယ်။

ကိုယ်တိုင်ကလည်း ဆိုမာလီယာကနေ ရွှေ့ပြောင်းအခြေချခဲ့သူဖြစ်တဲ့ ဟူဆန်က “ဒီလိုမျိုး ရွှေ့ပြောင်းနေထိုင်သူတွေ စုပြုံ ရောက်လာတာက ကနေဒါရဲ့ သက်ကြီးရွယ်အို ဦးရေ၊ ကလေးမွေးဖွားမှုကို ကန့်သတ်ထားမှုတွေကို ထေမိစေနိုင်တဲ့အပြင် လုပ်သားအရေအတွက်ကိုလည်း တိုးလာစေပါတယ်” လို့လည်း ဆိုခဲ့ပါတယ်။

အမေရိကန်အပါအဝင် အခြား အနောက်နိုင်ငံတွေနည်းတူ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ကနေဒါရဲ့ ခုလို နွေးထွေး ဖော်ရွေတဲ့ ရပ်တည်ချက်ဟာ ပိုပြီးတင်းကြပ်တဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ မူဝါဒတွေကိုတော့ လက်ခံ ကျင့်သုံးထားရပြီး ဒုက္ခသည်တွေအတွက် အကာအကွယ်ပေးစွမ်းမှုတွေနဲ့ ပတ်သက်ရင် ကနေဒါဟာ အထူးတလည် ညွှန်းဆိုစရာ နိုင်ငံတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂရဲ့ အေဂျင်စီက နေရာထိုင်ခင်းကနေ အတင်းအဓမ္မ ဖယ်ရှားခံရတဲ့ လူဦးရေ ၆၈.၅ သန်းရှိလာခြင်းနဲ့အတူ ဒုက္ခသည်ဦးရေဟာ ၂၀၁၇ ခုနှစ်အတွင်း မကြုံစဖူး များပြားတဲ့အနေအထားထိ ရောက်လာခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ IRCC ကတော့ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နေရာချထားရေးပဏာမ လုပ်ငန်းစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်း ထောက်ပံ့ပေးဖို့ ကတိပြုထားပြီ ဖြစ်ပါတယ်။

Ref: CNN “Canada wants to welcome more than 1 million new immigrants in the next three years”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top