စိန်ပွင့်ကို အရောင်တင်ခွင့်ရနေပြီဆိုပြီး လူကာကူကို ချီးကျူးလိုက်တဲ့ ကွန်တီ

yyl-005-2.jpg

နာပိုလီကို အဝေးကွင်းမှာ (၁-၃)ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပြီးနောက် အင်တာမီလန်နည်းပြ ကွန်တီက သူ့အပေါ် ဝေဖန်သူတွေကို တုံ့ပြန်သွားခဲ့ပြီး (၂)ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို ကာကွယ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကနေ ပေါင်(၇၄)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လူကာကူဟာ အင်တာမီလန်အတွက် (၁၈)ပွဲ ကစားရာမှာ (၁၄)ဂိုးသွင်းယူပေးထားပါတယ်။

“ လူတွေက လူကာကူကို မြည်းလို့ ပြောနေတာ ကြားရတယ်။ ဒီလိုစကားတွေ ကြားရတာ သိပ်မကြာသေးပါဘူး။ အခုချိန်က လူကာကူကို ချီးမွမ်းခန်းဖွင့်လို့ရနေပါပြီ။ ဒါပေမဲ့ သူတို့က လွန်ခဲ့တဲ့ သီတင်းပတ်တွေကအကြောင်း ပြောနေတုန်းပါပဲ။ လူကာကူက မသွေးရသေးတဲ့ စိန်ရိုင်းတစ်ပွင့်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ မာတီနက်ဇ်ကလည်း အဲဒီလိုပါပဲ။ ဒီလူငယ်တွေက (၂၆)နှစ်နဲ့ (၂၂)နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော် ချဲလ်ဆီးမှာတုန်းက လူကာကူကို အသည်းအသန် လိုချင်ခဲ့တာပါ။ ဂျူဗင်တပ်နည်းပြဘဝကတည်းက သူ့ကို ခေါ်ချင်ခဲ့တာပါ။ အခုတော့ စိန်ပွင့်ကို အရောင်တင်ခွင့်ရနေပါပြီ’’လို့ ကွန်တီက ပြောပါတယ်။ အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက အင်တာမီလန်အသင်းနဲ့ပတ်သက်ပြီး သုံးသပ်ခဲ့တဲ့အမြင်ကိုလည်း ကွန်တီက ပယ်ချခဲ့ပါတယ်။ အင်တာမီလန်အသင်းက ခံစစ်နဲ့ တန်ပြန်တိုက်စစ်ပဲ ကစားနေတာမဟုတ်ဘဲ တိုက်စစ်ကို အာရုံစိုက်ကစားနေတယ်လို့ ကွန်တီက တုံ့ပြန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top