ဆိုမာလီနိုင်ငံမှာ ကျိုင်းကောင်တွေကျလို့ အရေးပေါ်အခြေအနေ ကြေညာထား

yyl-009.jpg

အာဖရိကတိုက် အရှေ့ပိုင်းမှာ ကျိုင်းကောင်တွေ သောင်းကျန်းနေလို့ ဆိုမာလီနိုင်ငံမှာ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ သီးနှံတော်တော်များများ ကိုက်ဖြတ်စားသောက်နေတဲ့ ကျိုင်းကောင်တွေက ဆိုမာလီနိုင်ငံရဲ့ အထိအခိုက်မခံနိုင်တဲ့ အစားအစာဖူလုံရေးအခြေအနေကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ ဆိုမာလီနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ လာမယ့်ဧပြီလမှာ ကောက်ပဲသီးနှံတွေ မရိတ်သိမ်းခင် ဒီအခြေအနေကို ထိန်းချုပ်မရဖြစ်မှာ စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ဆိုမာလီနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ကျိုင်းကောင်အများဆုံး ကျရောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆိုမာလီ၊ အီသီယိုးပီးယားနိုင်ငံတွေရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာလည်း နှစ်(၇၀)အတွင်း မကြုံစဖူး ဆိုးရွားတဲ့ ကျိုင်းကောင်ကျရောက်မှု အန္တရာယ် ကြုံနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)က ပြောပါတယ်။

ဒါပေမဲ့ ဆိုမာလီနိုင်ငံကတော့ အာဖရိကအရှေ့ပိုင်းနိုင်ငံတွေထဲမှာ ကျိုင်းကောင်ကျရောက်မှုနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာတဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဆိုမာလီနိုင်ငံမှာ တည်ငြိမ်မှုကင်းမဲ့တဲ့အတွက် လေယာဉ်တွေသုံးပြီး ကျိုင်းကောင်တွေကို ပိုးသတ်ဆေးဖျန်းလို့ မရနိုင်ပါဘူး။ Horn of Africa ဒေသမှာ ကျိုင်းကောင်ကျရောက်တာကို တွန်းလှန်ရာမှာ နိုင်ငံတကာက ပါဝင်ကူညီကြဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ FAO က တိုက်တွန်းခဲ့ပါတယ်။ ဒီအခြေအနေကို မတွန်းလှန်နိုင်ဘူးဆိုရင် လာမယ့်ဇွန်လမှာ ကျိုင်းကောင် အကောင်ရေက အဆ ၅၀၀ အထိ တိုးပွားလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top