ဆားဝက်ခြံတွေ ကင်းဝေးစေမယ့် အိမ်တွင်းနည်းလမ်းတချို့

12-1-2021-yyl28.jpg

နှာခေါင်းနဲ့ မျက်နှာရဲ့တချို့နေရာမှာ ဆားဝက်ခြံပေါက်တာကလည်း လူတိုင်း ကြုံတွေ့ရတဲ့အသားရေပြဿနာပါပဲ။ အသားရေကို သင် ဘယ်လောက်ထိန်းသိမ်းထိန်းသိမ်း၊ တစ်ခါတလေ ဆားဝက်ခြံက ပေါ်လာတတ်ပါတယ်။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားပါပဲ။ နှာခေါင်းမှာ အများဆုံးတွေ့ရတတ်ပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးလို့ရပါတယ်။ ဆားဝက်ခြံတွေကို သင်ကိုယ်တိုင် ဖယ်ရှားပစ်ချင်ရင် အကူအညီပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းတွေရှိပါတယ်။ အဲဒီအိမ်တွင်းနည်းလမ်းတွေက ချွေးပေါက်ပိတ်တာတွေကို လျော့ပါးသွားအောင် ကူညီပေးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုရင်

မုန့်ဖုတ်ဆိုဒါကို အသုံးပြုပါ

ဆားဝက်ခြံကို ဖယ်ရှားချင်ရင် သင် လုပ်ပေးဖို့လိုတာကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၁) ဇွန်းနဲ့ ရေ (စားပွဲတင်ဇွန်း ၂ ဇွန်း) တို့ကို ရောစပ်ပေးဖို့ပါပဲ။ ဒီပါဝင်ပစ္စည်း (၂) မျိုးကို သမအောင်ရောစပ်ပြီးသွားရင် ဆားဝက်ခြံရှိတဲ့နေရာမှာ (၁၅-၂၀) မိနစ်လောက် လိမ်းထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ရုံပါပဲ။

Green Tea ကို အသုံးပြုပါ

ဆားဝက်ခြံဖယ်ရှားဖို့အတွက် လက်ဖက်စိမ်းရွက်အခြောက် (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ပြီး ပျစ်သွားတဲ့အထိ သမအောင်မွှေပေးပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာမှာ (၁၅-၂၀) မိနစ်လောက် သုတ်လိမ်းထားပြီး ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။

ကြက်ဥအကာကို အသုံးပြုပါ

ကြက်ဥတစ်လုံးရဲ့အကာကို ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းနဲ့ ရောစပ်ပြီး ဆားဝက်ခြံတွေကို ဖယ်ရှားလိုက်ပါ။ ဒီအရောအနှောကို သင့်မျက်နှာမှာ လိမ်းလိုက်ပြီး ခြောက်သွားတဲ့အထိ ထားလိုက်ပါ။ ပြီးရင် ရေနဲ့ မျက်နှာသစ်ချပေးလိုက်ရမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီးကို အသုံးပြုပါ

အိပ်ရာမဝင်ခင် ခရမ်းချဉ်သီးကို ခြေမွပြီး ဆားဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းပေးလို့ရပါတယ်။ နောက်နေ့ မျက်နှာမှာ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။

သစ်ကြံပိုးခေါက်မှုန့်ကို အသုံးပြုပါ

သစ်ကြံပိုးခေါက်မှုန့်နဲ့ သံပရိုရည်တို့ကို စားပွဲတင်ဇွန်း (၁) ဇွန်းစီ ရောစပ်လိုက်ပါ။ ပြီးရင် နနွင်းမှုန့်လက်တဆစ်လောက် ရောထည့်လိုက်ပါ။ ဒီပါဝင်ပစ္စည်းတွေကို သမအောင်မွှေပြီး မျက်နှာမှာ (၁၀-၁၅) မိနစ်လောက် လိမ်းထားပြီးမှ ရိုးရိုးရေနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းအတိုင်းလုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံတွေ သက်သာသွားစေနိုင်ပါတယ်။

အညိုရောင်သကြားကို အသုံးပြုပါ

ဆားဝက်ခြံဖယ်ရှားဖို့အတွက် အညိုရောင်သကြားနဲ့ သံပရိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) စီရောစပ်လိုက်ပါ။ ဒီအရောအနှောကို သင့်မျက်နှာမှာ လိမ်းပြီး ချေးချွတ်ပေးလိုက်ပါ။

နနွင်းမှုန့်ကို အသုံးပြုပါ

နနွင်းမှုန့်ကလည်း ဆားဝက်ခြံကို ဖယ်ရှားဖို့အတွက် အသုံးဝင်ပါတယ်။ နနွင်းမှုန့်နဲ့ မကျိုချက်ရသေးတဲ့နွားနို့တို့ကို ရောစပ်ပြီး ဆားဝက်ခြံပေါက်တဲ့နေရာမှာ လိမ်းပေးမယ်ဆိုရင် ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆန်မှုန့်ကို အသုံးပြုပါ

ဆန်မှုန့်အနည်းငယ်နဲ့ ရေတို့ကို အနှစ်ဖြစ်သွားတဲ့အထိ သမအောင်မွှေပေးပါ။ ပြီးရင် အဲဒီအရောအနှောကို နှာခေါင်းမှာ လိမ်းပြီး Scrub လုပ်ပေးပါ။ အဲဒီနောက် ရိုးရိုးရေနဲ့ မျက်နှာသစ်ပေးရုံပါပဲ။

Ref: Home remedies to remove blackheads
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top