နာမည်တူသူစိမ်းအမျိုးသား (၄) ဦး တွေ့ဆုံမိပြီး ဂီတအဖွဲ့ ဖွဲ့စည်းဖို့ဖြစ်လာတဲ့အခါ

14-1-2021-yyl01.jpg

စာဖတ်ပရိသတ်တွေရော ကိုယ်နဲ့နာမည်တူတဲ့သူတစ်ယောက်ယောက်နဲ့ ဆုံတွေ့ဖူးကြလား။ ဘော်လ်တီမိုးမြို့က ပေါလ် အို ဆော်လီဗန် (Paul O’Sullivan) ဆိုတဲ့ အမျိုးသားတစ်ဦးကတော့ မြို့မတူတဲ့နေရာက သူ့နဲ့နာမည်တူတဲ့သူတွေကို တွေ့ဆုံမိခဲ့ပါတယ်။ သူတို့တွေက သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတဲ့အပြင် ဂီတအဖွဲ့အနေနဲ့ ဖွဲ့စည်းဖြစ်ခဲ့ကြပါတယ်။

တစ်ညမှာ ဘော်လ်တီမိုးမြို့က ပေါလ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့နဲ့နာမည်တူအမျိုးသားတွေကို တွေ့ပြီး သွားအပ်ခဲ့တာပါ။ သူတို့ကလည်း friend request ကို လက်ခံခဲ့ကြပြီး သူငယ်ချင်းတွေဖြစ်သွားတဲ့အခါမှာတော့ သူတို့အကုန်လုံးက ဂီတသမားတွေဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒါနဲ့ ဘော်လ်တီမိုးပေါလ်က အခြားသူတွေကို ဂီတအဖွဲ့ဖွဲ့ရအောင်လို့ ပြောခဲ့တာပါ။ အခြားပေါလ် (၃) ဦးကလည်း သူနဲ့ဂီတအဖွဲ့ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပြီး The Paul O’Sullivan Band ဆိုပြီး နာမည်ပေးခဲ့ကြပါတယ်။

မန်ချက်စတာမြို့က ပေါလ်ဟာ ဘေ့စ်ဂစ်တာတီးတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်က ပေါလ်ဟာ ဒရမ်တီးတယ်။ ဘော်လ်တီမိုးမြို့နဲ့ ရော်တာဒမ်မြို့က ပေါလ်တို့ကတော့ ဂစ်တာနဲ့ အဆိုပိုင်းကို တာဝန်ယူကြရပါတယ်။ ၂၀၂၀ခုနှစ်အစပိုင်းမှာ သူတို့ရဲ့ဂီတအဖွဲ့ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ COVID-19 ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး Lockdown ဖြစ်တဲ့အချိန်မှာ သူတို့တွေ အွန်လိုင်းကနေတဆင့်ပဲ အတူတူအလုပ်လုပ်လို့ရတော့မယ်ဆိုတာ နားလည်ခဲ့ရပါတယ်။ ဒါကြောင့် Lockdown ကာလအတွင်းမှာ အခွေ (၁) ခွေ ဖန်တီးဖို့ သူတို့ဆုံးဖြတ်ခဲ့ကြတယ်။

“Lockdown ဖြစ်နေချိန်မှာ ကမ္ဘာရဲ့အခြားတစ်ဖက်ခြမ်းက လူတွေနဲ့ အဆက်အသွယ်ရတာက တကယ်ကောင်းပါတယ်။ တစ်ယောက်တည်းလို့မခံစားရတဲ့အတွက်ကြောင့်ပါ”လို့ ရော်တာဒမ်မြို့ရဲ့ပေါလ်က ပြောပါတယ်။

ပေါလ် (၄) ဦးတို့က အယ်လ်ဘမ်အတွက် သီချင်းရေးသားခဲ့ပြီး အသံသွင်းခဲ့ကြပါတယ်။ အရင်ဆုံး ဘော်လ်တီမိုးမြို့ရဲ့ပေါလ်က ရော်တာဒမ်မြို့ရဲ့ပေါလ်နဲ့အတူ သီချင်းစာသားရေးပြီး အဲဒီနောက်မှာ နောက်ဆုံးအချောသပ်ဖို့အတွက် မန်ချက်စတာမြို့ရဲ့ပေါလ်ဆီကို သီချင်းစာသားတွေ ပို့ပေးခဲ့တယ်။ ပေါလ် (၄) ဦးလုံးအတွက် ဂီတဆိုတာ အမြဲတမ်း ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့တာပါ။ ၂၀၂၀ခုနှစ်အတွင်းမှာ ဂီတက ပိုပြီးအရေးကြီးခဲ့ပါတယ်။ ဂီတက ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အကူအညီပေးနိုင်တယ်လို့ ဆိုပါတယ်။

(၁) နှစ်လုံး အရာတော်တော်များများ ရပ်တန့်စေခဲ့ပေမဲ့ ဒီနာမည်တူသူစိမ်း (၄) ဦးကတော့ အဆက်အသွယ်မပြတ်ဘဲ သီချင်းခွေထုတ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

The Paul O’Sullivan Band ရဲ့သီချင်းတစ်ပုဒ်

Ref: CBSNews “Four strangers all named Paul O’Sullivan form a band — despite living in different cities around the world”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top