မိုင် (၅၀၀) ကျော် ခြေကျင်ခရီးသွားပြီး အိမ်ရာမဲ့တွေအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ ကောလိပ်ကျောင်းသားလေး

27-10-2020-yyl-013.jpg

လိုအပ်နေတဲ့သူတွေကို ကူညီဖေးမပေးတာလည်း တကယ့်မွန်မြတ်တဲ့အလုပ်ပါပဲ။ ကိုယ်တတ်စွမ်းသလောက်လုပ်ပေးရုံနဲ့တင် ကျေနပ်စရာပါ။ ဂျော်ဒန် ဝေနီ (Gordon Wayne) ဆိုတဲ့ ဒုတိယနှစ်ကောလိပ်ကျောင်းသားလေးဆိုရင်လည်း အကူအညီလိုအပ်နေတဲ့သူတွေအတွက် သူ တက်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျော်ဒန်ဟာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ National Alliance to End Homelessness ဆိုတဲ့ အဖွဲ့အစည်းအတွက် မိုင် (၅၀၀) ကျော် လမ်းလျှောက်ကာ ရန်ပုံငွေရှာပေးခဲ့ပါတယ်။

ဂျော်ဒန်က လမ်းလျှောက်တာကို ရပ်နားပစ်မယ်လုပ်လိုက်တိုင်း အိမ်ရာမဲ့တွေကို တွေးမိခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော် ဒါကို ရပ်ပစ်ဖို့လုပ်တဲ့အချိန်တိုင်း ကျွန်တော် ကူညီပေးနေတဲ့လူတွေအကြောင်းကို တွေးမိခဲ့တယ်။ ဒါကြောင့် ဆက်ကြိုးစားခဲ့ပါတယ်” လို့ ဂျော်ဒန်က ဆိုပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ်ကျော်က ဂျော်ဒန်က အိမ်ရာမဲ့ဖြစ်ခဲ့ပြီး အပန်းဖြေဥယျာဉ်မှာ အဆိုင်းနဲ့ (၁၀) နာရီလောက်အလုပ်လုပ်ရင်း ကောလိပ်တက်ရောက်ဖို့ လျှောက်ထားခဲ့ရပါတယ်။ နောက်တော့ သူ တက်ရောက်ချင်ခဲ့တဲ့ ကျောင်း Boston College ကနေ ပညာသင်ဆုနဲ့အတူ ကမ်းလှမ်းချက်လက်ခံရရှိခဲ့ရပါတယ်။

ဂျော်ဒန်က ခန့်မှန်းခြေ အမေရိကန်လူမျိုး (၅) သိန်းလောက်က အိမ်ရာမဲ့ဖြစ်နေရတာကို သိခဲ့ရပြီး ကာရိုလိုင်းကောင်တီမှာတည်ရှိတဲ့ သူ့ရဲ့နေအိမ်ကနေ မက်ဆာချူးဆက်ပြည်နယ်က သူ့ရဲ့ကောလိပ်အထိ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ ရန်ပုံငွေရှာတဲ့ GoFundMe ပေ့ချ်ကို ထောင်ခဲ့ပြီး အဲဒီကတည်းကနေ The National Alliance to End Homelessness အဖွဲ့အစည်းအတွက် ဒေါ်လာ (၁) သိန်းကျော်ရရှိခဲ့ပါတယ်။

သြဂုတ်လမှာ ဂျော်ဒန်က သူ့ရဲ့‌ခြေကျင်ခရီးကို စတင်ခဲ့ပြီး တစ်နေ့ကို မိုင် (၃၀) ကနေ မိုင် (၄၀) နီးပါးလောက် လမ်းလျှောက်ခဲ့ပါတယ်။ “ကျွန်တော် ခဏလောက်နားတယ်။ (၁၀) မိုင်လောက် လမ်းလျှောက်တယ်” လို့ ဆိုပါတယ်။ သူက လမ်းလျှောက်ရတာ ပင်ပန်းနွမ်းလျရင်တောင် လက်မလျော့ခဲ့ပါဘူး။ လမ်းတစ်လျှောက်က လူတွေဆီကနေလည်း အားပေးပံ့ပိုးမှုတွေရခဲ့ပါတယ်။ (၁၆) ရက်တာ ခရီးနှင်ပြီးတဲ့နောက်မှာ ဂျော်ဒန်က Boston College အားကစားကွင်းကို ချီတက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ကောလိပ်အဆောင်ရောက်တော့ ဂျော်ဒန်က အခြားသူတွေကိုလည်း ဒီလိုအခွင့်အရေးမျိုးရမယ်လို့ မျှော်လင့်နေပါတယ်။

” ကျွန်တော်ရဲ့ခြေကျင်ခရီးက အခြားသူတွေကို inspire လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါက ခါတိုင်းလမ်းလျှောက်တာမျိုးနဲ့မတူဘူးဆိုတာ မင်းတို့သိပါတယ်။ ခြေကျင်လျှောက်ရတာ နာကျင်ရင်တောင်၊ ခက်ခဲရင်တောင်၊ မလုပ်ချင်ရင်တောင် တခြားရွေးချယ်စရာမရှိပါဘူး။ သင့်ဘဝမှာ လိုချင်တဲ့အရာကို ရချင်ရင်တော့ ဆက်လျှောက်၊ ဆက်သွားရမှာပါပဲ” လို့ ဂျော်ဒန်က ဆိုပါတယ်။

Ref: ABCNews “Homeless college student walks over 500 miles to raise awareness, funds for homelessness”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top