ဆံပင်ညှပ်ဆိုင်ကြောင့် ကြည့်ကောင်းသွားပြီး မိသားစုနဲ့ပြန်ဆုံစည်းခဲ့ရတဲ့ အိမ်ခြေရာမဲ့

24-12-2020-yyl13.jpg

ကောင်းတဲ့ဘက်ကနေ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားအောင် တချို့လူတွေက လုပ်ပေးနိုင်ကြပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်ရှင်ဖို့အတွက် လမ်းပေါ်မှာပဲ နေထိုင်ပြီး အစာရှာဖွေစားသောက်နေရတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ယောက်ကိုတော့ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားက အသက် ၄၅ နှစ် အရွယ် ဂျိုအာ ကိုအာဟို ဂေမာရေးစ် (Joao Coelho Guimaraes) ဆိုသူဖြစ်ပြီး အိမ်ရာမရှိဘဲ လမ်းပေါ်မှာပဲ နှစ်တော်တော်ကြာ နေထိုင်နေရတာပါ။ ဆံပင်ညှပ်ဆိုင်ဝန်ထမ်းတွေက သူ့ရဲ့အသွင်အပြင်ကို ပြောင်းလဲပေးလိုက်တဲ့အခါမှာ သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတော့တယ်။

ဂျိုအာဟာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့တာပါ။ အဲဒီဆံပင်ညှပ်ဆိုင်ရဲ့ဝန်ထမ်းတွေက သူ ရောက်လာတော့ ဗိုက်ဆာလို့လား၊ တစ်ခုခုစားချင်လို့လားလို့ မေးတော့ သူက မဟုတ်ဘူးလို့ ပြောပြီး မုတ်ဆိတ်ရိတ်ဓားရှိလား၊ ရှိရင် သူ့မုတ်ဆိတ်ကို ရိတ်ချင်တယ်လို့ ပြောခဲ့တာပါ။ အဲဒီအချိန်မှာပဲ ဝန်ထမ်းတွေက သူ့ကို ပုံစံပြောင်းလဲပေးမယ်ဆိုတဲ့ စိတ်ကူးပေါ်လာခဲ့ပါတယ်။

ဆံပင်ညှပ်ဆိုင်က သူ့ကို ဆံပင်ညှပ်ပေးခဲ့ရုံတင်မကပါဘူး။ မုတ်ဆိတ်တွေကိုလည်း ညှိပေးခဲ့ပြီး ရေချိုးပေးကာ အဝတ်အစားအသစ်တွေလည်း ဝတ်ပေးခဲ့ပါတယ်။ တီရှပ် (၃) ထည်၊ ဘောင်းဘီ၊ ဂျာကင်နဲ့ ဖိနပ်အသစ်တွေလည်း ပေးခဲ့ပါတယ်။ သူ့ရဲ့အသွင်အပြင်ပြောင်းလဲသွားတဲ့ပုံတွေကို ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အဲလက်ဆန်ဒရိုက မျှဝေခဲ့ပါတယ်။ အဲဒီပုံတွေကို ဂျိုအာရဲ့မိသားစုက မြင်တွေ့ခဲ့ပြီး မိသားစုနဲ့ ပြန်တွေ့ဆုံခဲ့ရပါတယ်။

သတင်းဌာနတစ်ခုက ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကို အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတချို့မေးကြည့်ဖြစ်ခဲ့ပါတယ်။ ဘာလို့ ဂျိုအာကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာလဲ မေးတော့ “ဂျိုအာမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာမြင်တော့ သူ့ကို ကူညီပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ သူနဲ့ သူငယ်ချင်းတွေဖြစ်နေတာ လွန်ခဲ့တဲ့ (၂) လကတည်းကပါ။ သူက ကျွန်တော်တို့ကို မုတ်ဆိတ်ရိတ်ဓားတောင်းတော့ သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး အခုလိုပြောင်းလဲပေးပစ်ခဲ့တာပါ” လို့ အဲလက်ဆန်ဒရိုက ပြောပါတယ်။

အိမ်ရာမဲ့လူတွေကို မကြာခဏကူညီဖြစ်လားမေးတော့ သူတို့မှာ အိမ်ရာမဲ့တင်မဟုတ်ဘဲ အကူအညီလိုနေတဲ့ ဘယ်သူကိုမဆို ကူညီပေးနိုင်မယ့် ပရောဂျက်တွေ ရှိတယ်လို့ သိရပါတယ်။ ကပ်ရောဂါအတွင်းမှာ လူတော်တော်များများက ချစ်တဲ့သူတွေကို ဆုံးရှုံးခဲ့ရတဲ့အပြင် ငွေရေးကြေးရေးအခက်အခဲလည်းဖြစ်နေကြတဲ့အတွက် ကူညီပေးဖို့ အမြဲအဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဂျိုအာကို အသွင်အပြင်ပုံစံလုံးဝပြောင်းလဲသွားဖို့အတွက် အချိန် (၂) နာရီလောက်ယူခဲ့တာပါ။ ဂျိုအာကလည်း သူ့အသွင်အပြင်ကို တွေ့ပြီး အံ့အားသင့်ခဲ့ရပါတယ်။ ဘာမှတောင်မပြောနိုင်တော့ဘဲ ဝမ်းသာပီတိမျက်ရည်တွေ ကျခဲ့ရပါတယ်။ အဲလက်ဆန်ဒရိုကတော့ ဂျိုအာဟာ ဘာလို့ အိမ်ကနေထွက်သွားခဲ့တာလဲဆိုတာကိုတော့ သူ့အကြောင်းနဲ့သူ ရှိမှာဖြစ်တဲ့အတွက် အဲဒီမေးခွန်းမျိုးကို မမေးခဲ့ဘူးလို့ ဆိုပါတယ်။

အဲလက်ဆန်ဒရို လူမှုကွန်ယက်ပေါ်တင်ခဲ့တဲ့ ဂျိုအာရဲ့ပုံတွေကို မြင်ပြီး လာတွေ့ခဲ့တဲ့သူကတော့ ဂျိုအာရဲ့ညီမလေးပါပဲ။ သူ့ရဲ့ညီမ မာရီယာ ကိုးလ်ဟိုက ပုံတွေမြင်ပြီး ချက်ချင်းလာတွေ့ခဲ့တာပါ။ သူက သူ့အစ်ကို သတင်းကြားရဖို့အတွက် (၁၀) နှစ် စောင့်ဆိုင်းနေခဲ့ရတာပါ။ သူ့အစ်ကိုကို သေသွားခဲ့ပြီလို့တောင် ထင်ထားခဲ့တာပါ။

ဂျိုအာကလည်း သူ့မိသားစုနဲ့ ပြန်ဆုံတွေ့ရလို့ အရမ်းဝမ်းသာခဲ့ရပါတယ်။ သူ့မိသားစုက ဂျိုအာရဲ့အရင်တုန်းက ပုံတချို့ကို မျှဝေပေးခဲ့ပါသေးတယ်။ အခု ဂျိုအာ ဘာတွေလုပ်နေလဲလို့ အဲလက်ဆန်ဒရိုကို မေးကြည့်တော့ ဂျိုအာက လမ်းပေါ်မှာ ရှိနေတုန်းပါပဲ။ သူ့ညီမက အိမ်ကို ခေါ်သွားချင်ခဲ့ပေမဲ့ သူက မလိုက်ချင်ဘူး။ သူက လမ်းပေါ်မှာ နေရတာ လွတ်လပ်သလို ခံစားရတဲ့အတွက် အိမ်မပြန်ချင်ဘူးလို့ ဆိုပါတယ်။

Ref: Boredpanda”Homeless Man Goes Through A Transformation, His Pics Go Viral, His Family Manage To Find Him Thanks To That “

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top