ဂျပန်အသင်းမပြိုင်ရသေးပေမဲ့ အခြားအသင်းပြိုင်ပွဲအပြီးမှာ ဂျပန်ပရိသတ်တွေက အမှိုက်တွေကောက်ပေးခဲ့ကြ

22-11-2022yyl01-1.jpg

ဂျပန်ပရိသတ်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့နိုင်ငံဘောလုံးအသင်း မယှဉ်ပြိုင်သေးပေမဲ့ အခြားအသင်းတွေယှဉ်ပြိုင်ကစားအပြီးမှာ အမှိုက်ကောက်သိမ်းပေးဖို့ နောက်ဆုံးအထိ နေပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲနေ့က အီကွေဒေါနဲ့ ကာတာပွဲစဉ်အပြီးမှာ မသိမ်းဘဲ ချန်ထားရစ်ခဲ့တဲ့ ခွက်တွေ၊ အမှိုက်တွေကို အမှိုက်အိတ်တွေနဲ့ ဂျပန်ပရိသတ်တွေ ကောက်သိမ်းနေတာကို မြင်တွေ့ရပါတယ်။

ဂျပန်နိုင်ငံက အရင်ပြိုင်ပွဲတွေမှာလည်း အလားတူလုပ်ရပ်မျိုးကြောင့် လူပြောများခဲ့ပြီး ဂျပန်လူမျိုးတွေရဲ့အခုလိုအပြုအမူက ကာတာမှာလည်း အသိအမှတ်ပြုခံနေရပါတယ်။ အွန်လိုင်းမှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုက ပွဲကြည့်စင်ခုံတန်းတွေကြားက အမှိုက်တွေကို ကောက်သိမ်းနေတဲ့ ဂျပန်ပရိသတ်တွေကို ပြသနေပါတယ်။

အဲဒီဗီဒီယိုကို တင်ခဲ့တဲ့ အာရပ်Influencer အိုမာ ဖာရိုက အခုလို ဆိုထားပါတယ်။ “ဂျပန်ပရိသတ်တွေက ဘောလုံးကွင်းကို သန့်ရှင်းရေးလုပ်ခဲ့ကြတယ်။ ဒါက သူတို့ရဲ့အသင်းပွဲတောင်မဟုတ်ဘူး။ သူတို့ကို “မင်းတို့နဲ့မဆိုင်တဲ့အရာကို ဘာလို့ သန့်ရှင်းရေးလုပ်နေတာလဲ”လို့ ကျွန်တော်မေးလိုက်တယ်။ အဖြေက ဂျပန်လူမျိုးတွေက အမှိုက်တွေ ဘယ်တော့မှ ချန်မထားခဲ့ဘူး။ နေရာကို ကျွန်တော်တို့လေးစားတယ်တဲ့”။

အဲဒီဗီဒီယိုမှာ နေရာအနှံ့ အမှိုက်ကောက်နေတဲ့ ဂျပန်ပရိသတ်တွေကို ပိုပြီးမြင်ရအောင် ပြထားပါတယ်။ ဒီလေးစားလောက်စရာလုပ်ရပ်ကို ဂျပန်လူမျိုးတွေလုပ်ခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းက ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ဂျပန်ပရိသတ်တွေက အခုလိုမျိုးအမှိုက်ကောက်တာတွေလုပ်ခဲ့ပါတယ်။ အခု (၄) နှစ်ကြာတော့လည်း သူတို့တွေက ဒီလုပ်ရပ်မျိုးကို ဆက်လုပ်နေကြတုန်းပါပဲ။

Ref: Metro “Japan fans stay behind to clear up rubbish after match their side didn’t even play in”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top