နှစ် (၂၀) အကြာမှာ မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရအောင် အိမ်ရာမဲ့ အမျိုးသားကို ကူညီခဲ့တဲ့စုံတွဲ

20-8-2020-yyl-001.jpg

တချို့လူတွေက အခြားသူတွေအတွက် ကောင်းတဲ့အရာလုပ်ပေးရတာ၊ ကူညီရတာတွေကို မလုပ်ပေးဘဲနဲ့ကို မနေနိုင်တဲ့သူတွေဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ရန်ဒီ အန်မန်းစ် ဘိုင်လင် (Randi Emmans-Bailyn) နဲ့ သူ့ချစ်သူ ဂျွန် ဆူအာဇို (John Suazo) တို့လည်း အပါအဝင်ပါပဲ။ ဒီစုံတွဲက အခြားသူတွေကို ကူညီပေးနေတဲ့ ပရောဂျက်တွေရှိပါတယ်။ အဲဒီပရောဂျက်ထဲကတစ်ခုက လိုအပ်တဲ့သူတွေကို အစားအစာ၊ ရေ၊ ခြေအိတ်နဲ့ အခြားအရာတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တွေ ပေးတဲ့ Backpacks ဆိုတဲ့ပရောဂျက်ဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ သူတို့စုံတွဲက တော်တော်လေးအသိအမှတ်ပြုဖို့ ကောင်းတဲ့အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ သူတို့က ပီဒရို (Pedro) ဆိုတဲ့ အိမ်ရာမဲ့အမျိုးသားကို လွန်ခဲ့တဲ့ နှစ် (၂၀)ကတည်းက မတွေခဲ့ရတဲ့ သူ့ရဲ့မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရအောင် ကူညီပေးခဲ့တာပါ။ ပီဒရိုကို ရန်ဒီ ဘယ်လိုသိခဲ့တာလဲဆိုတာကို ဆက်ဖတ်ကြည့်ကြရအောင်။

ရန်ဒီ လမ်းလျှောက်နေရင်း “လူတွေက ငါ့ကို ဘာလို့ရပ်ပြီး ကြည့်ကာ ရယ်နေကြတာလဲ။ ငါက ပညာတတ်အမျိုးသားတစ်ယောက်ပါ။ ငါ့ကို ဟယ်လိုလို့ပြောကြပါ”လို့ ပြောနေတဲ့ သူစိမ်းတစ်ယောက်ရဲ့အသံကို ကြားခဲ့ပါတယ်။ သူ စိတ်မကောင်းဖြစ်သွားပြီး ပီဒရိုကို သိချင်သွားခဲ့ပါတယ်။ ရန်ဒီက အားလပ်ရက်တွေမှာ အိမ်ရာမဲ့လူတွေအတွက် ပရိုဂရမ်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ပီဒရိုကို တစ်နည်းနည်းနဲ့ ကူညီပေးချင်ခဲ့ပါတယ်။ သူ့ချစ်သူ ကောင်လေးကိုလည်း ပီဒရိုရဲ့စကားကြောင့် သူ ဘယ်လောက်စိတ်မကောင်းဖြစ်ခဲ့ရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

ရန်ဒီတို့က Backpacks ပရောဂျက်က အစားအစာအိတ်ကို ပီဒရိုကို ပေးရင်းနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူ့အကြောင်းနဲ့ သူဘယ်လောက်ပင်ပန်းကြောင်း၊ သူ့တစ်ခုတည်းသောပိုင်ဆိုင်မှုတွေကို တစ်စုံတစ်ယောက်ကယူသွားတဲ့အတွက် အိပ်ရတာသက်တောင့်သက်သာမရှိတဲ့အပြင် မြေကြီးက အရမ်းမာတဲ့အတွက် (၈) နှစ်လောက် ကောင်းကောင်းမအိပ်နိုင်ခဲ့ကြောင်း ရန်ဒီတို့ကို ပြောပြခဲ့ပါတယ်။ ပီဒရို ဘာကို လိုချင်တာလဲလို့ ရန်ဒီတို့က မေးခဲ့တဲ့အခါမှာ သူ့မိသားစုကို ထပ်တွေ့ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

သူဟာ သူ့မိသားစုကို မတွေ့ရတာ နှစ် (၂၀) ရှိနေပါပြီ။ သူမိသားစုနဲ့ပတ်သက်ပြီး သူမှတ်မိသလောက် ပြောခိုင်းတော့ သူ့အဘွားရဲ့လိပ်စာပဲမှတ်မိတယ်လို့ ပီဒရိုက ပြောပါတယ်။ ရန်ဒီတို့စုံတွဲက သူ့အဘွားရဲ့လိပ်စာနဲ့ အင်တာနက်မှာ ကြိုးစားရှာဖွေခဲ့ပြီး ဂျွန်က အဲဒီလိပ်စာနဲ့ဆက်စပ်တဲ့ နံပါတ်တွေကို ရှာတွေ့နိုင်ခဲ့ပါတယ်။ သူ လက်ခံရရှိခဲ့တဲ့ ဖုန်းနံပါတ်အမှားတွေကို ခေါ်ခဲ့ပြီးတဲ့နောက်မှာ ပီဒရိုရဲ့ဦးလေး ပီအာရီဆီက ဖုန်းပြန်ခေါ်တာကို လက်ခံရရှိခဲ့ပါတယ်။ သူ့ဦးလေးက ဝမ်းသာပီတီမျက်ရည်ကျခဲ့ပြီး သူ့တူကို တွေ့ဖို့နဲ့ အိမ်ကို ပြန်ခေါ်ဖို့လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ ရန်ဒီတို့က ဟိုတယ်မှာ ပရိုဒီ ကောင်းကောင်း အနားယူနိုင်ဖို့အတွက် အင်တာနက်ပေါ်မှာ ရန်ပုံငွေရှာပေးခဲ့ပါတယ်။ (၇၂) နာရီအတွင်းမှာ ပီဒရိုရဲ့ဟိုတယ်စရိတ်၊ အစားအစာ၊ အဝတ်အစား၊ ဖုန်းနဲ့အခြားအရေးကြီးတဲ့ အရာတွေပါဝယ်ယူလို့ရနိုင်တဲ့ ဒေါ်လာ (၆၅၀၀) လောက်ရရှိခဲ့ပါတယ်။

ရန်ဒီတို့က ပီဒရို့ဦးလေးရဲ့LA ခရီးစဉ်၊ အငှားကား၊ ဟိုတယ်စရိတ်တွေအတွက်လည်း ပိုက်ဆံပေးခဲ့ပါတယ်။ ကျန်နေတဲ့ပိုက်ဆံတွေကို ပီဒရိုရဲ့မိသားစုကို ပေးခဲ့ပါတယ်။ ဒါမှ သူတို့တွေက ပီဒရိုကို အိမ်ပြန်ခေါ်နိုင်မှာဖြစ်ပါတယ်။ ပီဒရိုရဲ့မိသားစုက သူ့ဆီရောက်လာခဲ့ပြီး ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။ ရန်ဒီတို့ရဲ့ ပီဒရိုရဲ့မိသားစုနဲ့ အတူ ညစာစားခဲ့ပြီး သူတို့အကြောင်းလည်း သိခွင့်ရခဲ့ပါတယ်။ သူတို့အချင်းချင်းထားရှိတဲ့ချစ်ခြင်းမေတ္တာတွေကို မြင်ရတာ အံ့သြစရာကောင်းပြီး နှစ် (၂၀) ကြာတာတောင် တစ်ခုမှပြောင်းလဲမသွားခဲ့ဘူးလို့ ရန်ဒီက ပြောပါတယ်။ ရန်ဒီတို့က ပီဒရိုနဲ့ တွေ့ရတာအရမ်းပျော်ပြီး သူ့နဲ့ အဆက်အသွယ်မပြတ် နေသွားမှာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ဒီတို့စုံတွဲက ပီဒရိုရှိတဲ့ချားလ်စ်တမ်မြို့ကို သွားလည်ဖို့တောင် စီစဉ်နေပါတယ်။

Ref: Boredpanda “Homeless Person Reunites With His Family After 20 Years, Thanks To This Couple”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top