အလုပ်ရလို့ ပျော်ပြီး ကခဲ့တဲ့ အိမ်ရာမဲ့အမျိုးသမီးရဲ့ဗီဒီယိုဖိုင် Like သန်းချီ ရရှိ

6-10-2020-yyl-005.jpg

အရမ်းပျော်ရင် ထခုန်တာပဲဖြစ်ဖြစ် ကတာပဲဖြစ်ဖြစ် စာဖတ်ပရိသတ်တွေ လုပ်မိကြတယ်မလား။ သင် လတော်တော်ကြာရှာနေတဲ့ အလုပ်တစ်ခုသာ ရသွားခဲ့မယ်ဆိုရင် သင်ဘယ်လိုဖြစ်သွားမလဲ..။ ကာရယ်လာချ် ဂျုန်း (Kayallah Jones) ဆိုတဲ့ အသက် (၂၁) နှစ်အရွယ်အမျိုးသမီးတစ်ဦးကတော့ အလုပ်ရသွားပြီဆိုတာ သိလိုက်ရော အရမ်းပျော်လွန်းလို့ ကားပါကင်မှာ ထကခဲ့ပါတယ်။ အခုဆိုရင် အဲဒီဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။

ကာရယ်လာချ် ကနေတဲ့ဗီဒီယိုက အင်တာနက်အသုံးပြုသူတွေကြားမှာ ပြောစကားသတင်းခေါင်းစဉ်လို့ဖြစ်နေပါတယ်။ ကာရယ်လာချ်က သူ အလုပ်ရသွားခဲ့တဲ့ ဂျော်ဂျီးယားပြည်နယ်က စားသောက်ဆိုင်တစ်ခုရှေ့က ကားပါကင်မှာ အလုပ်ရသွားလို့ တစ်ယောက်တည်း ထကပြီး ဂုဏ်ပြုနေခဲ့တာပါ။ ကာရယ်လာချ်ဟာ အိမ်ရာမဲ့ဖြစ်နေခဲ့တာ (၂) နှစ်ရှိခဲ့ပြီး အလုပ်တစ်ခုရှာရတာ မခက်ခဲဘူးဆိုရင်တော့ ကပ်ရောဂါက အလုပ်ရှာရတာ အခက်ခဲဖြစ်စေခဲ့ကာ ကာရယ်လာချ်ရဲ့အလုပ်တွေကို ဆုံးရှုံးစေခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်က ကာရယ်လာချ် ကနေတာကို CCTV ကနေတဆင့် မြင်တွေ့သွားခဲ့ပြီး အင်စတာဂရမ်အကောင့်မှာ တင်ရာကနေ နာမည်ကြီးသွားခဲ့တာပါ။ ကာရယ်လာချ်မှာ ကောင်းတဲ့အားအင်တွေရှိပြီး သူ စားသောက်ဆိုင်ထဲ လျှောက်လှမ်းလာတာနဲ့ သူ့ရဲ့တက်ကြွမှုတွေကို ခံစားခဲ့ရတာကြောင့် သူ့ကို အလုပ်ခန့်ဖြစ်ခဲ့တာလို့ စားသောက်ဆိုင်ပိုင်ရှင် ဒါကာရာ စပန့်က ပြောပါတယ်။ အခုဆိုရင် ကာရယ်လာချ်က စားသောက်ဆိုင်မှာ အလုပ်လုပ်နေရပါပြီ။

ဒါကာရာက ကားပါကင်မှာ အရမ်းပျော်ပြီးကနေတဲ့ ဗီဒီယိုကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ ကာရယ်လာချ်ဆီ ဖုန်းခေါ်ခဲ့တယ်။ “မင်းကို အလုပ်ခန့်တဲ့အကြောင်း ထပ်ပြောတာပါ။ မင်းရဲ့ Happy Dance ကို ငါ မြင်တွေ့ခဲ့ပြီးပြီ။ ဒါကြောင့်မို့ မင်းဆက်ကလို့ရပါတယ်။ သူက ဖုန်းကနေတောင် ပျော်ရွှင်ပြီးတောင် ဆူးရှစွာအော်နေပါတယ်။ ဒါက ကျွန်မအတွက် လှပတဲ့အခိုက်အတန့်လေးပါပဲ”လို့ ဒါကာရာက ဆိုပါတယ်။

ကာရယ်လာချ်ကို ဂျာနယ်လစ် ဂျာမီ ကန်နီဒီ က အင်တာဗျူးမေးထားပြီး အင်တာနက်ပေါ်က လူတွေကို ဒီအကဘယ်လိုကရမလဲဆိုတာ သင်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ လူတွေက ဒီလိုမျိုးအကကို ဘယ်အချိန်မှာ ကသင့်လဲမေးတဲ့အခါမှာ “သူတို့ပျော်ရွှင်တဲ့အချိန်တိုင်း၊ သူတို့ကောင်းချီးပေးခံရတဲ့အချိန်တိုင်း၊ ကောင်းတဲ့အခွင့်အလမ်းတွေရလာတဲ့အချိန်တိုင်း၊ နှစ်များစွာ၊ လပေါင်းများစွာ လုပ်ဆောင်နေတဲ့အရာတစ်ခုခုရတဲ့အခါတိုင်း (ဒါမှမဟုတ်) ဆုတောင်းနေတဲ့အရာတစ်ခုခုရတဲ့အခါတိုင်းပေါ့”လို့ ကာရယ်လာချ်က ဖြေကြားထားပါတယ်။

ဒါကာရာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကာရယ်လာချ်က စားသောက်ဆိုင်ထဲကနေထွက်လာပြီး ဘေးပတ်ဝန်းကျင်မှာ လူရှိမရှိကြည့်ပြီး ထကခဲ့ပြီး အဲဒီနောက်မှာ ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ လမ်းလျှောက်ထွက်ခွာသွားခဲ့တာပါပဲ။ သူ ကနေတဲ့ဗီဒီယိုက ကြည့်ရှုသူတွေကို စိတ်ပျော်ရွှင်မှုပေးစမ်းခဲ့ပါတယ်။ အဲဒီဗီဒီယိုက အင်စတာဂရမ်မှာ ကြည့်ရှုသူ (၁) သန်းကျော်၊ တွစ်တာမှာ Like (၇) သိန်းနဲ့ TikTok မှာလည်း Like (၈) သိန်းကျော်ရရှိခဲ့ပါတယ်။

ကာရယ်လာချ်ရဲ့ ကနေတဲ့ဗီဒီယို
https://www.instagram.com/p/CFvR5L8AnTU/


ဂျာနယ်လစ်ရဲ့အင်တာဗျူးမှာ ပြန်ကပြထားတဲ့ ဗီဒီယို https://www.facebook.com/JamieKennedyNews/videos/383360483045122

Ref: Boredpands “21 Y.O. Homeless Woman Is So Happy She Got A Job After Months of Looking, She Dances Like Nobody’s Watching, Gets Caught On CCTV”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top