ဟောင်ကောင်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက်ခံရ

25-8-2020-yyl-010.jpg

ဟောင်ကောင်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက်ခံရတဲ့ ပထမဆုံး အတည်ပြုလူနာဖြစ်လာတယ်လို့ ဟောင်ကောင်တက္ကသိုလ်ရဲ့ သုတေသီတွေက ပြောပါတယ်။ အခုတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါကနေ ပြန်လည်သက်လာတဲ့ လူနာတချို့ဟာ တစ်ကျော့ပြန် ရောဂါကူးစက်မှုကို အချိန်အနည်းငယ်ပဲ ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ယူဆစရာဖြစ်ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်သက်သာလာတဲ့ လူနာတွေရဲ့ ပဋိပစ္စည်းတွေကို အသုံးပြုပြီး ကုသနည်း ဖော်ဆောင်နေကြတဲ့ သိပ္ပံပညာရှင်တွေ၊ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေး ဖော်စပ်နိုင်ဖို့ တက်သုတ်ရိုက် ကြိုးပမ်းနေသူတွေအတွက် ထူးခြားတဲ့ဖြစ်ရပ်ပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို အပြီးသတ် ကောက်ချက်ချနိုင်ဖို့ စောလွန်းနေသေးတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်မြို့မှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းမှာ ရောဂါလက္ခဏာ အနည်းငယ်ခံစားခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့အတွက် မတ်လ ၂၉ ရက်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရောဂါသက်သာသွားပြီး ဧပြီလ ၁၄ ရက်မှ ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့တယ်လို့ ဟောင်ကောင်တက္ကသိုလ်ရဲ့ သုတေသီတွေက သူတို့ရဲ့လေ့လာမှုမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားဟာ နောက် ၄ လအကြာမှာ ဒုတိယအကြိမ် ရောဂါကူးစက်ခံခဲ့ရပါတယ်။ စပိန်နိုင်ငံကို သွားရောက်ခဲ့တဲ့ အဲဒီအမျိုးသားဟာ ဗြိတိန်နိုင်ငံထံကနေတစ်ဆင့် ဟောင်ကောင်ကို ပြန်လာပြီးချိန်မှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။ သြဂုတ်လ ၁၅ ရက်မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဆေးရုံ တင်ခဲ့ရပေမဲ့ သူ့ဆီမှာ ရောဂါလက္ခဏာ မပြဘူးလို့ ဆိုပါတယ်။

ဒုတိယအကြိမ် ရောဂါကူးစက်ခံရပြီးချိန်မှာ သုတေသီတွေက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဖွဲ့စည်းပုံတွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ ဒုတိယအကြိမ် ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ဟာ ပထမအကြိမ် ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်နဲ့ အနည်းငယ်ကွဲလွဲနေတာ တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ပထမအကြိမ် ရောဂါကူးစက်ခံရချိန်က အဆုတ်ထဲမှာရှိနေတဲ့ ဆဲလ်အသေတွေ ထွက်လာလို့ Positive ပြနေတာမဟုတ်ဘဲ တစ်ကျော့ပြန် ရောဂါကူးစက်ခံရမှု အစစ်အမှန် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ထိတ်လန့်စရာကိစ္စတော့ မဟုတ်ပါဘူး။ တခြားကိုရိုနာဗိုင်းရပ်စ်တွေကလည်း တစ်ကျော့ပြန် ကူးစက်မှုဖြစ်ပွားလေ့ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းတွေအပေါ် အစောပိုင်းသုတေသနပြုလုပ်ချက်အရ ရောဂါသက်သာပျောက်ကင်းပြီး လအနည်းငယ်ကြာရင် ပဋိပစ္စည်းပမာဏ ကျဆင်းလာတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှုကနေ အချိန်ကြာကြာ ကာကွယ်ပေးနိုင်ဖွယ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ပဋိပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်လားဆိုတာကို တိတိကျကျ မပြောနိုင်သေးပါဘူး။ သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်နေဆဲပါ အမေရိကန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းဆရာဝန် ဒေါက်တာအန်သိုနီဖော်စီရဲ့ ပြောကြားချက်အရ တခြားကိုရိုနာဗိုင်းရပ်စ်တွေ မကူးစက်နိုင်အောင် ကာကွယ်နိုင်စွမ်းဟာ ၃ လကနေ ၆ လအထိပဲ ကြာမြင့်လေ့ရှိတယ်လို့ ဆိုပါတယ်။ ” အခုကိုရိုနာဗိုင်းရပ်စ်က လုံးဝမတူ ခြားနားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

လူတွေဆီမှာ ဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်စွမ်း ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ဆိုရင်တော့ ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်နိုင်စွမ်းက အချိန်သိပ်မကြာပါဘူး”လို့ အန်သိုနီဖော်စီက ပြောပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃ သန်းကျော်ရှိနေပြီး သေဆုံးသူ ၈၀၀၀၀ ကျော် ရှိနေပါတယ်။

Ref: NBCNews” Hong Kong man was reinfected by the coronavirus, researchers say”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top