ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ လူတော်တော်များများ သေဆုံးခဲ့ရတဲ့အပြင် ကိုယ်ကျိုးမငဲ့ဘဲ ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေကို ကုသပေးတဲ့ဆရာဝန်တွေလည်း သေဆုံးကြရပါတယ်။ အခုလည်း မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့ဆေးရုံရဲ့ ICU ဆရာဝန်ခေါင်းဆောင် ဒေါက်တာ ဂျိုးဆက်ဂျေကိုစတာ (Joseph J. Costa) ကလည်း ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ရှေ့တန်းကနေ ကုသပေးရင်းနဲ့ ရောဂါကူးစက်ခံရပြီး အသက် (၅၆) နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးတဲ့သတင်းကို ဆေးရုံက ကြေညာခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဂျိုးဆက်ဟာ ဘော်လ်တီမိုးမြို့က Mercy Medical Center ရဲ့ Division of Critical Care ရဲ့ခေါင်းဆောင်အဖြစ် (၁၅) နှစ် အလုပ်လုပ်ခဲ့တာပါ။ အဲဒီဆေးရုံမှာ ၁၉၉၇ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဂျိုးဆက်က လူနာတွေကို ဂရုစိုက်စောင့်ရှောက်ရင်းနဲ့ သူ့ဘဝကို မြှုပ်နှံထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာလည်း ဆက်လက်တာဝန်ကျေပွန်ခဲ့တယ်လို့ ဆေးရုံက ပြောပါတယ်။ “ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါက ကျွန်တော်တို့ဆီ ရောက်လာတဲ့အချိန်မှာ ဂျိုးက ကိုယ့်ကျိုးမငဲ့ဘဲ ရှေ့တန်းကနေ သူ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကျပ်တည်းနေချိန်အတွင်း လူနာတွေနဲ့ မြို့တော်အတွက် တာဝန်ကျေပွန်ပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့အားလုံးအတွက် စံပြတစ်ယောက်အဖြစ် ဆက်လက်တည်ရှိနေမှာပါ”လို့ ဆေးရုံက ပြောပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/07/29-7-2002-yyl-002.jpg)
ဒေါက်တာဂျိုးဆက်ကို သူ့ရဲ့လူနာတွေနဲ့ သူတို့ရဲ့ မိသားစုတွေက ချစ်ခင်လေးစားကြပြီး သူနဲ့ အလုပ်အတူတူလုပ်တဲ့ သူနာပြုတွေနဲ့ ဝန်ထမ်းတွေအတွက် သူတို့အားလုံးလေးစားခဲ့ရတဲ့ အစ်ကိုတစ်ယောက်ဖြစ်ခဲ့တယ်လို့လည်း ဆေးရုံရဲ့ပြောစကားအရသိရပါတယ်။ ဆေးရုံရဲ့ထုတ်ပြန်ချက်မှာ “သူ့ကို လွမ်းနေမှာပါ”တဲ့။ ဒေါက်တာဂျိုးဆက်ရဲ့လုပ်ဖော်ကိုင်ဖက် (၂၀) ဦးကလည်း သူ သေဆုံးခါနီးမှာ သူ့ခန္ဓာကိုယ်ပေါ်ကို လက်တွေတင်ပြီး ဆုတောင်းမေတ္တာပို့သပေးခဲ့ကြပါတယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရသိရပါတယ်။ ဒေါက်တာဂျိုးဆက်က Mercy Medical Center မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒေါက်တာဂျိုးဆက်အတွက် အထိမ်းအမှတ်ပွဲတစ်ခု စီစဉ်နေတယ်လို့လည်း ဆေးရုံကပြောပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/07/29-7-2002-yyl-003.jpg)
မေရီလန်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ မနေ့ကအထိ (၈၅,၀၀၀) ဦးရှိနေပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေက (၃၃၂၇) ဦးနဲ့ လက်ရှိ ဆေးရုံတက်နေရသူ (၅၄၄) ဦးရှိတယ်လို့ မေရီလန်းပြည်နယ်ရဲ့ကျန်းမာရေးဌာနအရသိရပါတယ်။
Ref: CBSNews “Hospital ICU chief “selflessly” treated patients during the pandemic. He died from coronavirus”
WL (ရိုးရာလေး)