ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ ၂၃ နှစ်သမီးက ကလေး ၃၃ ဉီး မွေးစား

25-5-2022-yyl-07.jpg

မာလာဝီနိုင်ငံက အသက် ၂၃ နှစ် အရွယ် တူဆာအီဝီ မွန်ခွန်ဒီယာ ဆိုတဲ့ မိန်းကလေးဟာ အသက် ၁၆ နှစ်မှာ ကိုယ်ဝန်လွယ်ခဲ့ရတယ်။ အသက် ၁၈ နှစ်မှာ အိမ်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ အဲဒီအချိန်တွေက သူ့ကို အခက်ခဲတွေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ရစေခဲ့ပေမဲ့ မာလာဝီနိုင်ငံမှာ “Empowering Young Mothers” လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုကို စတင်ဖြစ်ခဲ့တယ်။

သူ့ရဲ့အဖွဲ့အစည်းကတဆင့် အခြားငယ်ရွယ်လှတဲ့မိခင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့ပြီး အောင်မြင်မှုအတွက် ရည်မှန်းချက်ထားဖို့ သူတို့ကို လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ တူဆာအီဝီက သူတို့ကို ကူညီပေးဖို့အတွက် မူကြိုကျောင်းတစ်ခုကိုတောင် ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့ မူကြိုကျောင်းဖွင့်ပြီး မကြာခင်မှာပဲ တချို့ကလေးတွေက အစားအသောက်ယူလာဖို့နဲ့ ကျောင်းလခ (၁) ဒေါ်လာပေးဖို့တောင် မတတ်နိုင်ကြဘူးဆိုတာ တူဆာအီဝီ သတိပြုမိခဲ့တယ်။ ဒါကြောင့် ကလေးတွေထဲက တစ်ဉီးကို သူကိုယ်တိုင်ခေါ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။

သူ ပထမဆုံးခေါ်ယူမွေးစားခဲ့တဲ့ ကလေးက မိခင်သေဆုံးသွားပြီး သူ့မိသားစုတွေက မစောင့်ရှောက်ပေးနိုင်တော့တဲ့ ၅ နှစ်သားလေးပါ။ အဲဒီကလေးလေးကို မွေးစားမယ့်အကြောင်းကို ကျား/မ၊ ကလေးသူငယ်၊ မသန်စွမ်းမှုနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနကို သတင်းပို့ခဲ့ပါတယ်။ အဲဒီကတည်းက ဝန်ကြီးဌာနနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် တူဆာအီဝီက အသက် ၆ နှစ်ကနေ ၁၇ နှစ်ကြား ကလေးစုစုပေါင်း (၃၃) ယောက်ကို ပြုစုစောင့်ရှောက်နေပါတယ်။ မွေးစားတာက အရမ်းရှုပ်ထွေးတဲ့အတွက် ဘယ်သူတွေက သူ့ရဲ့စောင့်ရှောက်မှုမှာ ရှိနေတယ်ဆိုတဲ့အကြောင်း အစိုးရကို ပုံမှန်သတင်းပို့ပေးရပါတယ်။ တူဆာအီဝီက သူ့ကို ကလေးတွေ လိုအပ်နေသရွေ့သူတို့ရဲ့အမေအဖြစ်နေပြီး ပြုစုစောင့်ရှောက်သွားမှာပါတဲ့။

သူ စောင့်ရှောက်ပေးထားတဲ့ ကလေးတစ်ယောက်ချင်းစီမှာ မတူညီတဲ့အခြေအနေတွေရှိတယ်။ တချို့က စွန့်ပစ်ခံရတာ၊ တော်တော်များများက မိဘမဲ့၊ အခြားသူတွေက မိသားစု (ဒါမှမဟုတ်) အိမ်မရှိဘဲ လမ်းပေါ်မှာ နေထိုင်ရသူတွေပါ။ တူဆာအီဝီက ကလေးတွေအတွက် တစ်နေ့ကို ၂၄ နာရီလုံး မိခင်တစ်ယောက်ဖြစ်နေပေမဲ့ အားလုံးက အကောင်းဆုံးသူငယ်ချင်းတွေလိုပါပဲ။ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတယ်။ TikTok ဗီဒီယိုတွေ ဖန်တီးကြတယ်။ အချိန်အတူတူကုန်ဆုံးဖြစ်ကြတယ်။

တကယ်တော့ တူဆာအီဝီက ၉ လအရွယ်မှာ မိခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရတာကြောင့် သူ့ရဲ့အဘိုးအဘွားတွေက သူ့ကို ခေါ်မွေးထားခဲ့တာပါ။ အဲဒါရဲ့အကျိုးဆက်က အခု PTSD (ထိခိုက်မှုအပြီးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ) ကို ခံစားနေရတာပါပဲ။ ဒါပေမဲ့ အဲဒီရောဂါကို အံတုရင်းနဲ့ အဖွဲ့အစည်းတွေ တည်ထောင်ဖြစ်ပါတယ်။ တူဆာအီဝီက အခြားစွန့်ပစ်ခံရတဲ့ကလေးတွေကို သူ ငယ်ငယ်က မရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးပံ့ပိုးမှုတွေ ပေးဖို့အတွက် “You Are Not Alone” (YANA) အဖွဲ့အစည်းကိုလည်း ၂၀၂၁ခုနှစ် မေလ မှာ တည်ထောင်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းဟာ မာလာဝီနိုင်ငံက အားနည်းတဲ့လူ (၃၀၀) နီးပါးကို ထောက်ပံ့ပေးပါတယ်။ YANA က မသန်စွမ်းကလေးတွေအတွက် အထူးပညာရေးကျောင်း (၁) ကျောင်း၊ မူကြိုကျောင်း (၂) ကျောင်း၊ အမျိုးသမီးတွေအတွက် အသက်မွေးမှုပညာကျောင်း (၁) ကျောင်းဖွင့်ထားအပြင် သက်ကြီးရွယ်အိုတွေအတွက် ပံ့ပိုးကူညီတဲ့အဖွဲ့ (၂) ဖွဲ့လည်း ထားရှိပါတယ်။

YANA အတွက် လူ (၁၈) ဉီးပါဝင်တဲ့အဖွဲ့က ဆရာမကစလို့ အိမ်သန့်ရှင်းရေး၊ စီမံခန့်ခွဲရေးလက်ထောက်တွေအထိ စွမ်းဆောင်ရည်အမျိုးမျိုးနဲ့ လုပ်ကိုင်ပေးနေပါတယ်။ YANA ဟာ အစိုးရဆီက ဘဏ္ဍာရေးအကူအညီမရနိုင်တဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းက လူတစ်ဉီးချင်းဆီကရော ကုမ္ပဏီတွေဆီကပါ လှူဒါန်းမှုတွေနဲ့ ရန်ပုံငွေရရှိထားပါတယ်။

တူဆာအီဝီက သူ့ရဲ့အောင်မြင်မှုအတွက် အရမ်းဂုဏ်ယူနေရပေမဲ့ တစ်ခါတလေ ခက်ခဲတယ်လို့ ဝန်ခံထားပါတယ်။ “တစ်ခါတလေ ကျွန်မတို့မှာ ကလေးတွေကို ကျွေးမွေးဖို့ ပိုက်ဆံလုံလုံလောက်လောက်မရှိဘူး။ စွန့်လွှတ်လိုက်ရတော့မလို့ ခံစားရတယ်။ ကျွန််မရဲ့သားလေးကို စဉ်းစားလိုက်တဲ့အခါ အားတက်လာသလို ခံစားရတယ်။ ဒါကို လုပ်နေရတဲ့၊ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခု ဖန်တီးပေးနေတဲ့ အကြောင်းအရင်းက သားလေးပါပဲ”လို့ တူဆာအီဝီက ပြောပါတယ်။ အခု သူ့ရဲ့သားလေး ဂျဲရိုမီက အသက် (၆) နှစ်ရှိပါပြီ။

(၅) နှစ်တာအတွင်း သူ့ရဲ့အဖွဲ့အစည်းက လူတွေကို ဘဝအတွက် လိုအပ်တဲ့ အဖိုးတန်အရည်အချင်းတွေ သင်ကြားပေးတဲ့၊ အစားအစာတွေ ထောက်ပံ့တဲ့ ကိုယ်ပိုင်ကျေးရွာတစ်ခုဖြစ်လာမယ်လို့ တူဆာအီဝီက မျှော်လင့်ထားပါတယ်။ “အဆက်အစပ်ရှိတဲ့လူတွေက ကျွန်မနဲ့အဆက်အသွယ်မပြတ်နိုင်ဖို့ မျှော်လင့်တယ်။ ကျွန်မ အရာအားလုံးကို ကိုယ်တိုင်တည်ဆောက်ခဲ့ပြီးပြီ။ ကျွန်မ ဘာမှမရှိတဲ့ဘဝကနေ လာခဲ့တဲ့အတွက် အမြဲတမ်း လမ်းဖောက်ပြီးတိုးတက်နေဖို့ လိုတယ်”။

Ref: Metro “Meet the 23-year-old woman who runs three schools, an orphanage and fosters more than 30 children in Malawi”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top