ခရီးထွက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ ဘယ်လိုကာကွယ်ကြမလဲ

corona.jpg

(၈၁) နိုင်ငံ အထိ ပျံ့နှံ့နေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ လူ (၃၀၀၀) ကျော်သေဆုံးရလောက်အောင် တော်တော်ပြင်းထန်လို့နေပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်သစ်က အခုဆိုရင် ဂျပန်၊ အီရန်၊ တောင်ကိုရီးယား၊ ကူဝိတ်နဲ့ အီတလီနိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုတွေ မရှိသေးပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးနေရာတွေကို ရှောင်ရှားကြဖို့ အသိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ

ကိုရိုနာဗိုင်းရပ်စ်သစ် ရောဂါလက္ခဏာက ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်ခဲတာတွေဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆိုးရွားတာတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါမကူးစက်ခံရအောင် ခရီးထွက်တာကို ရှောင်ရှားမယ်ဆိုရင် ကိုယ့်ကိုယ့်ကို ကာကွယ်ဖို့ အကောင်းဆုံးပါပဲ။ မလွဲသာမရှောင်သာလို့ ခရီးထွက်ချင်ရင်တော့ ရောဂါကူးစက်မခံရအောင် ကိုယ့်ကိုယ့်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

လက်ကို သန့်စင်ပါ

အခြေခံတစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်တဲ့ လက်ကို သေချာသန့်စင်ပေးတာက ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သင် ခရီးထွက်တဲ့အခါ ရောဂါပိုးမွှားပေါက်ဖွားနိုင်တဲ့အရာတွေ၊ နေရာတွေနဲ့ ထိတွေ့မိနိုင်ပါတယ်။ လူတော်တော်များများက လက်သန့်ဆေးရည်ကို အသုံးပြုကြပါတယ်။ လက်သန့်ဆေးရည်က ရောဂါကူးစက်မခံရဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ကို သေချာဆေးကြောပေးတာလောက် လက်သန့်ဆေးရည်က ထိရောက်မှုမရှိနိုင်ပါဘူး။ ရောဂါပိုးမွှားတွေ သေစေဖို့အတွက် ရေနွေးနွေးလေးနဲ့ စက္ကန့် (၂၀-၃၀) လောက် လက်ဆေးပေးဖို့ အကြံပြုချင်ပါတယ်။

ရေသန့်ဗူးကို အသုံးပြုပါ။ အစားအစာတွေကို သတိထားစားပါ

ကိုယ်မသိတဲ့နေရာကို ခရီးထွက်တဲ့အခါ အစားအစာနဲ့ရေတွေက သန့်ရှင်းရဲ့လားဆိုတာ သေချာမသိနိုင်ပါဘူး။ အစားအစာတွေက သန့်ရှင်းမှုရှိရဲ့လားဆိုတာကို သတိထားကြည့်သင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်က အသားငါးဈေးတန်းက တဆင့်ပျံ့နှံ့တာဖြစ်တဲ့အတွက် သင် ခရီးထွက်တဲ့အခါ စားသုံးတဲ့ ဘယ်အစားအစာပဲဖြစ်ဖြစ် သေချာချက်ပြုတ်ထားလား။ မကျက်တစ်ကျက်လားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။ အသားစိမ်းငါးစိမ်းတွေစားခြင်းမှ ရှောင်ကျဉ်ပြီး သေချာချက်ပြုတ်ထားတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ ရေသောက်တဲ့အခါမှာလည်း ရေသန့်ဗူးပဲ ဝယ်သောက်သင့်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့

ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးမရသေးပေမဲ့ တုပ်ကွေးရောဂါနဲ့ ရောဂါကာကွယ်ဆေးတွေကို ထိုးထားတာက ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ပျံ့နှံ့မှုနဲ့ ဆက်စပ်နေတဲ့ အအေးမိဖျားနာမှုဖြစ်ပွားနိုင်ခြေကို နည်းသွားစေတဲ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်နိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။ သင်က နိုင်ငံရပ်ခြားကို ခရီးထွက်မယ်ဆိုရင် ခရီးနဲ့ပတ်သက်ပြီး လိုအပ်တဲ့အကြံဉာဏ်အတွက် ကျန်းမာရေး စောင့်ရှောက်မှုစင်တာနဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

အခြားသူတွေနဲ့ ခပ်ဝေးဝေးမှာနေပါ

ဖျားနာတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ အရေးကြီးတဲ့အပြင် သင်က ခရီးထွက်နေစဉ်မှာ ဖျားနာသလိုခံစားရရင်၊ လက္ခဏာတစ်ခုခုပြရင် အခြားသူတွေနဲ့ ခပ်ဝေးဝေးမှာ နေဖို့လည်း အရေးကြီးပါတယ်။ ဆရာဝန် (သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကို အသိပေးပြီး လိုအပ်တဲ့ကုသမှုကို ခံယူပါ။ သင် ပြန်လာမယ်ဆိုရင်လည်း တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပြီး ဆရာဝန်ကို မိမိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အသိပေးပါ။ ဖျားနာနေတဲ့ သူတွေ၊ အဖျားလက္ခဏာပြနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်ပြောဆိုဆက်ဆံတာကို ရှောင်ရှားသင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်လက္ခဏာရပ်ဟာ ဖျားနာတာကနေ စတင်တဲ့အတွက်ကြောင့်ပါ။

မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ခဏခဏ မထိပါနဲ့

Mask ကလည်း သင့်ကို ရောဂါကူးစက်ခံရနိုင်ခြေကနေ အပြည့်အဝကာကွယ်မပေးနိုင်တာကြောင့် ကျွန်တော်တို့ မလုပ်သင့်တဲ့အရာက မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ကို လက်နဲ့ ခဏခဏ ပွတ်တာ၊ ကိုင်တာတွေမလုပ်ပါနဲ့။ အထူးသဖြင့် မသန့်ရှင်းတဲ့လက်တွေနဲ့ ထိတာ ၊ ကိုင်တာမလုပ်မိအောင် နေသင့်ပါတယ်။

Ref: How to protect yourself from Coronavirus while travelling?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top