လိုအပ်တဲ့အခါမှ ကုန်သွားတာမျိုး မဖြစ်ရအောင် များများဝယ်ထားသင့်တဲ့အရာများ

yyl-29-024.jpg

ငွေကိုချွေတာတဲ့အနေနဲ့ အိမ်မှာသုံးမယ့် တချို့ပစ္စည်းတွေကို လိုသလောက်ပဲ ဝယ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ တချို့ပစ္စည်းတွေက မကြာခဏဆိုသလို လိုအပ်သလို သုံးလည်းသုံးရပါတယ်။ အဲဒီအခါမျိုးမှာ မြန်မြန်ကုန်သွားတတ်တာကြောင့် အရေအတွက်များများ ဝယ်ထားသင့်ပါတယ်။ လိုအပ်တဲ့အခါမှ သုံးစရာမရှိမဖြစ်ရအောင်ပါ။ အရေအတွက်များများ ဝယ်ထားဖို့အတွက် ဘယ်လိုပစ္စည်းတွေက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို သိဖို့အရေးကြီးပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေလည်း သိထားရအောင် အိမ်မှာ အရေအတွက်များများ ဝယ်ထားရမယ့်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

တစ်ရှူး

ဒီတစ်ခုကတော့ အရေအတွက်များများ ဝယ်ထားရမယ့်အရာပါပဲ။ တစ်ရှူးက အမြဲတမ်းသုံးဖြစ်တဲ့အရာဖြစ်ပြီး သန့်စင်ခန်းအတွက်ကော အခြားလိုအပ်တဲ့နေရာအတွက်ကော အရေးကြီးပါတယ်။ အထူးသဖြင့် သင်တစ်ယောက်တည်း အိမ်မှာရှိနေတဲ့အချိန် သန့်စင်ခန်းသုံး တစ်ရှူးကုန်သွားရင်တော့ ဒုက္ခရောက်ပြီပဲ။ အဲဒီလိုမဖြစ်ရအောင် အိမ်မှာ တစ်ရှူးကို အရေအတွက်များများ ဝယ်ထားသင့်ပါတယ်နော်။

အဝတ်လျှော်ဆပ်ပြာ

အဝတ်လျှော်တဲ့အလုပ်ကို ဘယ်သူမှမကြိုက်ကြပေမဲ့ နေ့တိုင်းနီးပါး ဒီအလုပ်ကိုလုပ်ဖြစ်ကြပါတယ်။ အဝတ်ကို အဝတ်လျှော်စက်နဲ့ပဲလျှော်လျှော်၊ လက်နဲ့ပဲလျှော်လျှော် အဝတ်လျှော်နေတုန်း ဆပ်ပြာမှုန့်ကုန်သွားရင် ပိုပြီးစိတ်ပျက်စရာကောင်းပါတယ်။ အဲဒီအခါမျိုးမှာ အဝတ်လျှော်လက်စနဲ့ ဆိုင်ကိုပြေးဝယ်ရမှာဖြစ်ပါတယ်။ အဲဒီလိုတွေမဖြစ်ရအောင် အဝတ်လျှော်ဆပ်ပြာကို အရေအတွက်များများ ဝယ်ထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သွားတိုက်ဆေး

အိပ်ရာထပြီး သွားတိုက်မလို့လုပ်ခါမှ သွားတိုက်ဆေးကုန်နေတာ သိလိုက်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် သွားတိုက်ခါနီးမှ အခက်ကြုံရပြီပေါ့။ မနက်အစောကြီးဆို ဆိုင်တွေကလည်း မဖွင့်ကြသေးတဲ့အတွက် သွားဝယ်ဖို့လည်း အဆင်မပြေနိုင်ပါဘူး။ သွားတိုက်ဆေးကို အရေအတွက်များများ ဝယ်ထားမယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ မဖြစ်နိုင်ပါဘူး။

ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်

တစ်ကိုယ်ရည်သုံးပစ္စည်းတွေက နေ့စဉ်အသုံးပြုရတာဖြစ်တဲ့အတွက် ကုန်သွားတဲ့အခါမျိုးမှာ ချက်ချင်းအသုံးပြုလို့ရအောင် အပိုဆောင်ထားသင့်ပါတယ်။ ရေချိုးဆပ်ပြာကိုလည်း ရေချိုးတဲ့အခါမှာ အခက်မကြုံရအောင် ပိုဝယ်ထားသင့်ပါတယ်နော်။

ဆန်

ဆန်ကတော့ အချိန်အကြာကြီးခံနိုင်တဲ့အတွက် အရေအတွက်များများဝယ်ပြီး သိုလောင်ထားသင့်ပါတယ်။ ကျွန်တော်တို့ တစ်နေ့တာအတွက် ဆန်ကမရှိမဖြစ် ဖြစ်ပြီးကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ထမင်းကို နေ့တိုင်းချက်စားဖြစ်ကြတဲ့အတွက် ကုန်သွားမှ ထွက်ဝယ်ရတာမျိုး မဖြစ်ရအောင် အရေအတွက် များများဝယ်ထားပါ။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top