ကမ္ဘာမြေကို အန္တရာယ်ဖြစ်စေမယ့် ဂြိုဟ်သိမ်တစ်ခုကို လမ်းကြောင်းပြောင်းနိုင်ဖို့ အာကာသယာဉ် လွှတ်တင်မယ်

23-11-2021yyl4.jpg

တစ်ချိန်ကျရင် ကမ္ဘာမြေကို အန္တရာယ်ဖြစ်စေမယ့် ဂြိုဟ်သိမ်တစ်ခုကို လမ်းကြောင်းပြောင်းနိုင်မယ့် နည်းပညာစမ်းသပ်ဖို့အတွက် အာကာသယာဉ်တစ်စင်းကို နာဆာက လွှတ်တင်တော့မှာပါ။ နာဆာရဲ့ Dart အာကာသယာဉ် လွှတ်တင်ရေးအစီအစဉ်ဟာ ကမ္ဘာမြေဆီ ဦးတည်လာမယ့် ဥက္ကာခဲကြီးတွေကို လမ်းကြောင်းပြောင်းနိုင်ရေး စီမံကိန်းကို ချင့်ချိန်တွက်ဆပေးနိုင်မှာ ဖြစ်ပါတယ်။

အလျား မီတာ ၁၀၀ ကျော်ရှိတဲ့ ဥက္ကာခဲတွေသာ ကမ္ဘာမြေကို ဝင်ဆောင့်မိရင် ကမ္ဘာ့တိုက်ကြီးတစ်ခုလုံးအနှံ့ ထိခိုက်ပျက်စီးမှုတွေ ကြုံရနိုင်ပါတယ်။ Dimorphos လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်ကို အာကာသယာဉ်နဲ့ ဝင်ဆောင့်မယ့် စီမံကိန်းဟာ ဂြိုဟ်သိမ်ရဲ့အရှိန်နဲ့ ပတ်လမ်း ဘယ်လောက် ပြောင်းသွားမလဲဆိုတာ လေ့လာတွေ့ရှိနိုင်မှာပါ။

အလျား ၁၄၀ မီတာထက် ပိုကြီးပြီး ကမ္ဘာနားကပ်နေတဲ့ ဂြိုဟ်သိမ် ၉၀ ရာခိုင်နှုန်းကို ရှာဖွေပြီး ခြေရာခံစောင့်ကြည့်ဖို့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်လွှတ်တော်က နာဆာကို ညွှန်ကြားခဲ့ပါတယ်။ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ဂြိုဟ်သိမ်တွေဟာ ကမ္ဘာမြေကို အချိန်တိုအတွင်း အန္တရာယ် ဖြစ်စေနိုင်ခြေတော့ မရှိသေးပါဘူး။ နာဆာရဲ့ ရှာဖွေမှုအရ အလျား ၁၄၀ မီတာထက် ပိုကြီးပြီး ကမ္ဘာနားကပ်နေတဲ့ ဂြိုဟ်သိမ် ၄၀ ရာခိုင်နှုန်းကိုပဲ တွေ့ရှိခဲ့ပါတယ်။ ဂြိုဟ်သိမ်တွေဟာ နေစကြဝဠာ ဖြစ်တည်ချိန်မှာ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အများစုကတော့ ကမ္ဘာဂြိုဟ်ကို အန္တရာယ်ဖြစ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ နေရဲ့ဘေးတစ်ဝိုက်မှာရှိတဲ့ ဥက္ကာခဲတွေရဲ့ ပတ်လမ်းနဲ့ ကမ္ဘာပတ်လမ်း ဆုံမိရင် တချိန်ချိန်မှာ တစ်ခုနဲ့တစ်ခု ဆောင့်တိုက်မိနိုင်ပါတယ်။

နာဆာရဲ့ Dart စီမံကိန်းက အမေရိကန်ဒေါ်လာ ၃၂၅ သန်း ကုန်ကျပြီး လာမယ့်ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၀ မိနစ်မှာ Dart အာကာသယာဉ်ကို တင်ဆောင်မယ့် Falcon 9 ဒုံးပျံကို ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘာ့ဂ်အာကာသအခြေစိုက်စခန်းကနေ လွှတ်တင်မှာပါ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလကျရင် Dimorphos ဂြိုဟ်သိမ်က ကမ္ဘာမြေနဲ့ မိုင် ၆.၇ သန်းအကွာအဝေးကို ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအချိန်ကျရင် Dart အာကာသယာဉ်က တစ်နာရီ မိုင် ၁၅၀၀၀ အရှိန်နှုန်းနဲ့ ဂြိုဟ်သိမ်ကို ဆောင့်တိုက်မှာပါ။ အဲဒီဆောင့်တိုက်မှုကြောင့် Dimorphos ဂြိုဟ်သိမ်ရဲ့အရှိန်ဟာ တစ်စက္ကန့်မှာ မီလီမီတာရဲ့ အပုံတစ်ပုံလောက်ပဲ နှေးသွားမှာဖြစ်ပေမဲ့ လမ်းကြောင်းကတော့ ၁ ရာခိုင်နှုန်းလောက် ပြောင်းလဲသွားမှာဖြစ်ပြီး ကမ္ဘာရဲ့ပတ်လမ်းကို ရှောင်ရှားသွားစေမှာပါ။

Dimorphos ဂြိုဟ်သိမ်ဟာ အလျား ၇၈၀ မီတာရှိတဲ့ Didymos ဂြိုဟ်သိမ်နဲ့အတူ ယှဉ်တွဲပြီး အပြန်အလှန် လှည့်ပတ်နေကြတာပါ။ Dimorphos ဂြိုဟ်သိမ်လောက် အရွယ်အစားရှိတဲ့ အရာဝတ္တုဟာ ကမ္ဘာနဲ့ဆောင်မိရင် နျူကလီးယားဗုံးပေါက်ကွဲမှုထက် အဆပေါင်းများစွာ ပိုများတဲ့ စွမ်းအင်ပေါက်ကွဲမှု ဖြစ်စေနိုင်ပြီး လူသောင်းချီ သေဆုံးစေနိုင်ပါတယ်။ အလျား ၃၀၀ မီတာထက် ပိုကြီးတဲ့ အရာဝတ္တုနဲ့ဆောင့်မိရင် ကမ္ဘာ့တိုက်ကြီးတစ်ခုအနှံ့ ထိခိုက်ပျက်စီးနိုင်ပြီး အလျား ၁ ကီလိုမီတာထက် ပိုကြီးတဲ့ အရာဝတ္တုနဲ့ ဆောင့်မိရင်တော့ တစ်ကမ္ဘာလုံးအနှံ့ ထိခိုက်ပျက်စီးမှာပါ။

Ref: BBC ” Dart: Mission to smack Dimorphos asteroid set for launch “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top