စွန့်ပစ်ပစ္စည်း တန်သောင်းချီ လျော့နည်းစေမယ့် အသားဗန်း အမျိုးအစားသစ်ကို ဆွမ်ဆီးကျောင်းသား တီထွင်

23-11-2021yyl1.jpg

ဆွမ်ဆီးတက္ကသိုလ်ကျောင်းသားတစ်ယောက်ကတော့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်သောင်းချီ လျော့နည်းစေနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အင်ဂျင်နီယာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူဖို့ သင်ယူနေတဲ့ အလိုင်ဇိုကီက အောက်ခြေမှာ အရည်စုပ် ပလတ်စတစ်အောက်ခံမပါတဲ့ဗန်းအမျိုးအစားသစ်ကို တီထွင်ခဲ့တာပါ။ အဲဒီဗန်းက ရာနှုန်းပြည့် ပြန်အသုံးပြုလို့ ရသလို ဈေးဝယ်သူတွေအနေနဲ့လည်း ဗန်းထဲက အသားကို ဘယ်ဘက်က ကြည့်ကြည့် ပြတ်ပြတ်သားသား မြင်ရမှာဖြစ်ပါတယ်။

ဒီနည်းပညာကို အသားဗန်းတင်မကဘဲ သေးခံထုတ်လုပ်ရာမှာလည်း အသုံးပြုလို့ ရတယ်လို့ အလိုင်ဇိုကီက ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အသားထုတ်ပိုးရာကနေ ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန် ၈၀၀၀၀ ဝန်းကျင် ထွက်ရှိပါတယ်။ အဲဒီပမာဏထဲမှာ အရည်စုပ် ပလတ်စတစ်အောက်ခံက ၅ % ကနေ ၈ % ကြား ပါဝင်ပါတယ်။

” သုံးနေကျ အရည်စုပ်အောက်ခံပြားတွေက သေးခံ၊ လစဉ်သုံးပစ္စည်းတွေ အလုပ်လုပ်ပုံနဲ့ အတူတူပါပဲ။ ငွေ့ရည်ကို စုပ်ယူပြီး ဂျယ်အဖြစ် အသွင်ပြောင်းလိုက်တာပါ။ အဲဒီဂျယ်က အသားထဲကို ပြန်စိမ့်မထွက်ပါဘူး” လို့ အလိုင်ဇိုကီက ပြောပါတယ်။ အသားဗန်း အမျိုးအစားသစ် ဖန်တီးရာမှာ အသုံးပြုတဲ့ သူ့ရဲ့ဒီဇိုင်းကတော့ ငွေ့ရည်တွေကို အထူးဖန်တီးထားတဲ့ တွင်းပေါက်သေးတွေထဲ ဝင်သွားစေပြီး ပြန်စိမ့်မထွက်အောင် လုပ်ထားတာပါ။

” အသားဗန်းကို မှောက်လို့၊ လှန်လို့ ရပါတယ်။ လှုပ်လို့ ရတယ်။ ပစ်ချလို့ ရတယ်။ အရည်ရဲ့ ရူပဗေဒသဘောတရားအရ မပေါက်မချင်း အရည်စိမ့်ထွက်မှာမဟုတ်ပါဘူး” လို့ အလိုင်ဇိုကီက ပြောပါတယ်။ အလိုင်ဇိုကီ ဖန်တီးထားတဲ့ အသားဗန်းဟာ ဓာတု၊ ဇီဝ လုံခြုံစိတ်ချရတဲ့အတွက် ရေဆေးကြောပြီး ပြန်အသုံးပြုနိုင်ပါတယ်။ ထုတ်ပိုးပစ္စည်း ထုတ်လုပ်တဲ့ Klöckner Pentaplast နဲ့ ပူးပေါင်းဆောင်ရွက်မှုအရ အလိုင်ဇိုကီရဲ့ ဒီဇိုင်းကို Sainsbury နဲ့ Asda တို့အပါအဝင် ဗြိတိန်နိုင်ငံရဲ့ စားသောက်ကုန်ပစ္စည်း လက်လီတင်သွင်းရောင်းချသူတွေက စတင်အသုံးပြုနေကြပါပြီ။

အလိုင်ဇိုကီဟာ ဆီးရီးယားနိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ကို လက်ခံပေးတဲ့ ဗြိတိန်နိုင်ငံအတွက် အခုလို ပြန်ပေးဆပ်ခွင့်ရလို့ ဝမ်းမြောက်ကျေနပ်မိတယ်လို့ ဆိုပါတယ်။

Ref: BBC “Plastic pollution: New meat tray ‘could save tonnes of waste’ “


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top