နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး လန်းလန်းဆန်းဆန်း အိပ်ရာထနိုင်စေဖို့

wakeup_large.jpg

အားကစားလေ့ကျင့်ရေးဆရာ ခရစ်ဘယ်လန်တိုင် (Craig Ballantyne) က ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်နည်းနဲ့ ကောင်းကောင်းမွန်မွန် အိပ်ပျော်စေတဲ့နည်းအကြောင်း သူ့ blog မှာ ရေးခဲ့ပါတယ်။

သူ့ရဲ့ ၁၀-၃-၂-၁-၀ လို့ခေါ်တဲ့နည်းလမ်းဟာ လူတိုင်းကို ညဘက်မှာ ပြည့်ပြည့်၀ဝအိပ်ပျော်စေပြီး နောက်တစ်နေ့တာကို လန်းလန်းဆန်းဆန်းနဲ့ အားအင်အပြည့်စတင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ခရစ်က ညဘက်အိပ်ပျော်ဖို့ ဆိုတာ နေ့ခင်းပိုင်းကတည်း စပြီး ပြင်ဆင်ဖို့ ပါတယ်တဲ့။ အောက်ပါဖော်ပြထားတာကတော့ သူ့ရဲ့ နည်းလမ်းဖြစ်ပါတယ်။

မအိပ်ခင် ၁ဝနာရီအလို

ဒီအချိန်ကတော့ ကဖင်းဓာတ်လိုမျိုး စိတ်ကိုလန်းဆန်းနေစေမယ့်ဓာတ်တွေကို သွေးစီးဆင်းမှုကနေ ဖယ်ထုတ်ဖို့အတွက် လိုအပ်တဲ့အချိန်ပမာဏဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေနဲ့ ချောကလက်တွေကို ၁ဝနာရီအလိုလောက်ကစပြီး မသောက်သင့်မစားသင့်တော့ပါဘူး။

မအိပ်ခင် ၃နာရီအလို

အိပ်ရာဝင်ဖို့ ၃နာရီအလိုလောက်ဆိုရင်တော့ အယ်ကိုဟောပါတဲ့ ဝိုင်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ်ဘာကိုမှ မသောက်သုံးပါနဲ့တော့။ အယ်ကိုဟောမှာပါဝင်တဲ့မကောင်းတဲ့ဓာတ်တွေကို ဖယ်ရှားပေးဖို့နဲ့ နောက်ကျမှစားထားတဲ့ အစားအသောက်တွေကို ခြေဖျက်ပေးနိုင်ဖို့ ခန္ဓာကိုယ်က စွမ်းအင်အမြောက်အမြားသုံးရပါတယ်။ ဒီလိုအခြေအနေမျိုးတွေဆို အလုပ်ကပြန်လာတဲ့အချိန် အိမ်မှာအနားယူတဲ့ညနေခင်းတွေမှာ ခန္ဓာကိုယ်က အပြည့်အဝ အလုပ်လုပ်ရပါတယ်။ အကျိုးဆက်ကတော့ သင်ဟာ တစ်ညလုံးကျောက်မီးသွေးတွင်းထဲမှာ အလုပ်လုပ်ခဲ့ရသလိုမျိုး နောက်တစ်နေ့မနက်မှာ ပင်ပန်းနွမ်းနယ်စွာ နိုးထလာပါလိမ့်မယ်။

မအိပ်ခင် ၂နာရီအလို

ဒီအချိန်တွေမှာ အလုပ်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် အလုပ်အကြောင်းမစဉ်းစားပါနဲ့။ မနက်ဖြန်မှ ဆက်လုပ်ပါ။ အလုပ်လုပ်နေတာဖြစ်ဖြစ် စဉ်းစားနေတာပဲဖြစ်ဖြစ် အချိန်က မသိမသာကုန်သွားရင် အိပ်ချိန်လုံလုံလောက်လောက်ရလိုက်မှာ မဟုတ်ပါဘူး။

မအိပ်ခင် ၁နာရီအလို

ဒီအချိန်ဆို တီဗီကြည့်တာတွေ၊  ကွန်ပျူတာ စမတ်ဖုန်းသုံးတာတွေ ရပ်လိုက်ပါတော့။ facebook၊ twitter နဲ့ email တွေက ဘယ်လိုပဲ လက်ယပ်ခေါ်နေပါစေ မသုံးပါနဲ့။ မျက်လုံးတွေနဲ့စိတ်ကို ကောင်းကောင်းအနားယူခိုင်းလိုက်ပါ။

မနက်အိပ်ရာထချိန် သို့မဟုတ် alarmမမြည်ခင် သုည မိနစ်

Buzzzz!!! မနက်အိပ်ရာထဖို့ alarm မြည်ပါပြီ။ alarmကို ပိတ်ပြီး အိပ်ရာကနေ ချက်ချင်းထလိုက်ပါ။ ထပ်ခါထပ်ခါအိပ်ချင်နေစိတ်ကို မောင်းထုတ်ထားပါ။ alarmမြည်တာနဲ့ ချက်ချင်းအိပ်ရာထတတ်တဲ့အကျင့်က လိုအပ်တဲ့အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ချက်ချင်းမထပဲ နောက်ထပ်၁ဝမိနစ်လောက်ပြန်အိပ်တာက မဖြစ်မနေထရတော့မယ့်အခါမျိုးမှာ လန်းလန်းဆန်းဆန်းမဖြစ်နေစေပါဘူး။

Ref: The Brightside: “The Formula for the Perfect Night’s Sleep and Easy Morning Wake-up”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top