Idea ဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့ လူငယ်ကြိုက်ဇာတ်လမ်းတွဲသစ် “The Society”

society-netflix-review.jpg

ဒီ Series လေးက Netflix မူပိုင်ထုတ်လွှင့်ထားတဲ့ စီးရီးအသစ်ဖြစ်ပါတယ်။ အမျိုးအစားကတော့ Surival လို့ပြောလို့ရမှာပါ။ အခုနောက်ပိုင်း Netflix က Idea ဆန်းဆန်းနဲ့ အသွင်သစ်တွေကိုဖန်တီးနေလေ့ရှိတဲ့အတိုင်းပဲ ဒီစီးရီးကို တင်ဆက်ထားပုံလေးလည်း တော်တော်သဘောကျဖို့ကောင်းပါတယ်။ Season (1) အထိ ပဲထွက်ရှိထားပြီး အပိုင်း (8) ပိုင်းပဲပါပါတယ်။ Imdb မှာလည်း Rating 7.1 ရထားလို့ အခြေအနေကောင်းနေပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မြို့လေးတစ်မြို့မှာ အနံ့တစ်ခုက လူတွေကိုနှောက်ယှက်နေတယ်။ ဒါကြောင့် မြို့က အထက်တန်းကျောင်းသားတွေကို ဘပ်စ်ကားတွေနဲ့ တစ်ရက်လောက် ခရီးလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ လမ်းမှာပဲ မုန်တိုင်းမိပြီး မြို့ကိုပြန်ရောက်လာရတယ်။ ပြန်ရောက်လာတဲ့အချိန်မှာတော့ အနံံ့ကပျောက်သွားပြီ။

 

ဒါပေမဲ့ အနံ့အပြင် တစ်မြို့လုံးမှာ ကျောင်းသားတွေကလွဲရင် တခြားဘယ်သူမှမရှိတော့တာကို သိလိုက်ရပါတယ်။ ဖုန်းတွေကလည်း သူတို့အချင်းချင်းသာဆက်သွယ်လို့ရပြီး ပြင်ပလောကကိုခေါ်လို့မရပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ကိစ္စဟာ ပေါ့သေးသေးလုပ်မရတာကို လူငယ်လေးတွေသိရှိပြီးနောက်မှာတော့ ရှင်သန်ဖို့အတွက် သူတို့အချင်းချင်း လူ့ဘောင်အဖွဲ့အစည်းတစ်ခုတည်ထောင်ရင်း ကြိုးစားရုန်းကန်ရပါတော့တယ်။

ဇာတ်လမ်းအသွားအလာအရ 100, Lost တို့လို စီးရီးတွေနဲ့ အနီးစပ်ဆုံးတူပါတယ်။ ဒါပေမဲ့ ဒီစီးရီးမှာတော့ 100 လောက်လည်း အက်ရှင်အသားမပေးသလို Lost လိုလည်း ဆန်းကြယ်မှုတွေကိုအဖြေတွေရှာဖို့အတွက် ဦးတည်မထားပါဘူး။ ဆယ်ကျော်သက်လေးတွေချည်း တစ်မြို့လုံးမှာပိတ်မိနေရင် ဖြစ်လာနိုင်တဲ့အခက်အခဲတွေ နဲ့ ရုန်းကန်ရမှုတွေကိုပဲ ဦးစားပေးပြီးပြထားပါတယ်။

လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးအတွက် ချမှတ်ထားတဲ့စနစ်တွေပျက်သုဉ်းသွားတဲ့နေရာကို ရောက်သွားတာဖြစ်တဲ့အတွက် အားလုံးကို အစကနေ ကိုယ်တိုင် ပြန်တည်ထောင်ရတော့မှာပါ။ ဒီလိုလူ့အဖွဲ့အစည်းစနစ်တစ်ခုလုံးကို ပြန်စည်းရုံးတည်ထောင်ဖို့တာဝန်ရှိလာတဲ့သူတွေကလည်း အထက်တန်းကျောင်းတောင်မပြီးသေးတဲ့ ဘာမှအတွေ့အကြုံမရှိကြသူ ဆယ်ကျော်သက်လေးတွေဖြစ်နေပါတယ်။ ဒါက ဒီစီးရီးရဲ့အသက်ပါပဲ။ ဒါကြောင့် Survival စီးရီးကောင်းကောင်းကြည့်ချင်သူတွေအတွက် စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးထားမှာကိုတော့ ပူစရာမလိုပါဘူး။

Cast တွေအနေနဲ့ကတော့ သိပ်ပြီး ထူးထူးခြားခြား လူသိများမယ့်သူတွေမပါပါဘူး။ Allie အဖြစ်သရုပ်ဆောင်ထားတဲ့ Kathryn Newton ကိုတော့ အခုနောက်ဆုံးထွက်ထားတဲ့ Pokemon ဇာတ်ကားထဲမှာပါဝင်ထားတာကြောင့် လူသိလောက်ပါတယ်။ အသစ်တွေဆိုပေမဲ့လည်း သရုပ်ဆောင်ဆိုးရွားနေတဲ့သူတွတော့ မဟုတ်ဘူး။ အထူးသဖြင့် ဗီလိန် Campbell နေရာမှာသရုပ်ဆောင်ထားတဲ့ Toby Wallace ကတော့ တော်တော်မိုက်ပါတယ်။ မင်းသမီး၊ မင်းသားတွေလည်း ဆွဲဆောင်မှုရှိတဲ့သူတွေပါတာကြောင့် လူငယ်ကြိုက်စီးရီးတစ်ခုတော့ ဖြစ်နိုင်မှာပါ။

ဇာတ်ကောင်ပိုင်းမှာတော့ ထူးထူးခြားခြားဆွဲဆောင်မှုရှိတဲ့ဇာတ်ကောင်ဆိုလို့ ဗီလိန် Campbell ပဲရှိပါတယ်။ Psycopath တစ်ယောက်ပုံစံ သွေးအေးအေးအထာက ဇာတ်ရှိန်ကိုပိုမြင့်စေတယ်။ အဓိကဇာတ်ကောင် Allie ကိုလည်း Character Development ကောင်းကောင်းပေးထားနိုင်လို့ အဆင်ပြေပါတယ်။ မကောင်းတဲ့အပိုင်ကိုပြောရရင်တော့ Editing အပိုင်းပါ။ တချို့ Cut တွေမှာ error ပါတာတွေက တော်တော်လေးသိသာပြီး Netflix ကထုတ်တဲ့စီးရီးတစ်ခုမှာ ဒီလိုဖြစ်နေတာ အံ့သြဖို့တောင်ကောင်းနေပါတယ်။ ကျန်တာကတော့ ဘာမှပြောဖို့မလိုဘဲ ကြည့်သူကို ဆက်တိုက်ကြည့်ချင်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။

ဒါကြောင့် ရုံးပိတ်ရက်မျိုး၊ အလုပ်အားချိန်မျိုးတွေမှာ အေးအေးဆေးဆေးထိုင်ပြီး စီးရီးကောင်းကောင်းလေးနဲ့ငြိမ့်ချင်သူတွေအတွက် ဒီစီးရီးက သင့်တော်မှာပါ။ အပိုင်းလည်းသိပ်မများတာကြောင့် ရက်ပိုင်းအတွင်း ပြီးအောင်ကြည့်ဖို့လည်း လွယ်ကူပါတယ်။ ကြည့်နေရင်း မပျင်းသွားအောင်လည်း ဇာတ်ကိုထိန်းထားနိုင်တာဖြစ်လို့ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ ညွှန်းလိုက်ပါရစေ။

Nyi Min Tun (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top