လူ၊ တိရစ္ဆာန်၊ အသိဉာဏ်နဲ့ ဇုစ်နတ်မင်းကြီးပေးခဲ့တဲ့ လက်ဆောင်

pycnonotus-aurigaster-birds-PKCNMJ8.jpg

(၁)
တလောက လူမှုကွန်ရက်ပေါ် တက်လာတဲ့ ရယ်စရာရုပ်သံ ဖိုင်လေးတစ်ခုပါ။ နယ်မြို့တစ်မြို့မှာ မော်တော်ပီကယ်က ဆိုင်ကယ်စီးသူတွေကို တားဆီးစစ်ဆေးတော့ ရွာသားတစ်ယောက်ဟာ ကြောက်ကြောက်နဲ့ သူ့ဆိုင်ကယ် ဘက်မှန်တွေကို ဖြုတ်လာတယ်။’ဘာလို့ ဘက်မှန်တွေ မတပ်ဘဲ သိမ်းလာတာလဲ’ မေးတော့ လမ်းမှာတုန်းက ရှေ့နားမှာ ဘက်မှန်တွေ ဖမ်းနေတယ်ကြားလို့ ဖြုတ်ပြီး လွယ်အိတ်ထဲထည့်လာရတဲ့အကြောင်း ပြန်ဖြေရှာတယ်။’ကြည့်ကြပါဦးဗျာ။ ဆိုင်ကယ်ဘက်မှန်တွေ ဖမ်းနေတယ်ကြားလို့ လွယ်အိတ်ထဲဖြုတ်သိမ်းလာတယ်တဲ့။ သူ့ကို ကျွန်တော်တို့ ဘယ်လို ရှင်းပြလိုက်ရမလဲ’လို့ ရယ်ရယ်မောမော ပြောပြနေတဲ့ ယာဉ်ထိန်းရဲရဲ့ ရုပ်သံဖိုင်ကိုကြည့်ပြီး ပြုံးမိပါတယ်။

ကိုဗစ်ကာလမှာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဗိုင်း ရပ်စ်မဝင်အောင် အများပြည်သူကို နှာခေါင်းစည်း Mask တွေတပ်ခိုင်းတယ်။ ဒါကိုမှ အသက်ရှူကြပ်လို့ဆိုပြီး Mask ကို နှာခေါင်းနားမှာ အပေါက်ဖောက်တပ်လာတဲ့ ပြည်သူတစ်ယောက်ကိုလည်း အွန်လိုင်းပေါ်မှာ ရယ်စရာအဖြစ် တွေ့လိုက်ရသေးတယ်။ဒီလို ရိုးအတဲ့လူတချို့ရဲ့ လုပ်ရပ်ကို ချစ်စရာ၊ ရယ်စရာ ဟာသတစ်ခုအဖြစ် မြင်နိုင်ပေမယ့် နေရာတကာမှာ အသိပညာ၊ ဗဟုသုတ နည်းပါးလွန်းရင်တော့ ရယ်စရာနောက်မှာ မောစရာ လေးတွေ ပါလာတတ်စမြဲပါ။

အသိပညာ၊ ဉာဏ်အမြော်အမြင်၊ ဗဟုသုတ၊ ဆင်ခြင်တိုင်းထွာမှု၊ သိတတ်နားလည်ခြင်း၊ စဉ်းစားချင့်ချိန်နိုင်စွမ်း . . .စတဲ့ စကားတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပေမယ့် တစ်ခါတရံ ကျွန် တော်တို့တွေကိုယ်တိုင် ‘သတိလက်လွတ် ငှက်တောင်ကျွတ်’ဆိုသ လို မဆင်ခြင်မိတဲ့ကိစ္စလေးတွေ ရှိတတ်တာအမှန်ပါပဲ။ ဒါကြောင့်လည်း လူမှုဗေဒမှာ မလိုလားအပ်တဲ့ အရှုပ်အထွေး၊ ပြဿနာလေးတွေ ပေါ်လာတတ်တာပဲ မဟုတ်လား။

(၂)
‘တစ်ခါတစ်ခါမှာ အဖြေရှင်းရ ခက်လှပါတယ်ဆိုတဲ့ သိပ္ပံပညာ ရပ်တွေက ပြဿနာတွေထက် လူ့လောက၊ လူ့ဘဝက လူမှုပြဿ နာတွေဟာ ပိုပြီး အဖြေရှင်းရ ခက်ပါတယ်’တဲ့။ဒီစကားကို ‘ဘဝခရီးအတွက် အတွေးအမြင်များ’ဆိုတဲ့ ဟော ပြောချက်မှာ စာရေးဆရာကြီး နန္ဒာသိန်းဇံက ပြောခဲ့ဖူးတာပါ။ သိပ္ပံပညာရပ်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းရာမှာ အတော်အတန် တိကျခိုင်မာတဲ့နှုန်းစံတွေ အားကိုး၊ ထိန်းချုပ်ပြီး လက်တွေ့ကျကျ စမ်းသပ်၊ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ လူ့ကိစ္စ၊ လူမှုဘဝပြဿနာတွေ ဖြေရှင်းရာမှာတော့ ထင်ထားတာထက် ပိုမိုရှုပ်ထွေးတတ်တာကြောင့် ပိုပြီးအဖြေရှင်းရခက်တယ်လို့ ဆိုလို ချင်တာဖြစ်ပါတယ်။

ဒီလူမှုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် အဘက် ဘက်က ချိန်ထိုးစဉ်းစားနိုင်တဲ့ အသိဉာဏ်ပညာ၊ သတိတရား၊ အမြော်အမြင်၊ အဆင်ခြင်တွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် ‘လူမှာ အတွေးအမြင်၊ အဆင်ခြင် . . . အစရှိတဲ့ အသိပညာရှိဖို့ လိုအပ်တယ်’လို့ ပညာရှင်အစဉ်အဆက် မိန့်မှာ ခဲ့တာပေါ့။ ကိုယ့်ရဲ့ လူမှုဝန်းကျင်အပါအဝင် အွန်လိုင်းနဲ့သတင်းမီဒီယာ တွေမှာ တွေ့မြင်နေရတဲ့ အဆင်ခြင်မဲ့၊ အသိဉာဏ်မဲ့ လုပ်ရပ်တွေ မကြာခဏကြားသိလာရချိန်မှာ ‘လူ့အသိတရား’အကြောင်း ပိုပြီးတွေးဖြစ်လာပါတော့တယ်။

(၃)
ပြီးခဲ့တဲ့ ၂လ ကျော်လောက်က အများပြည်သူသွား မြစ်ကြီး နား-မန္တလေး ရထားသံလမ်းပေါ်မှာ ထန်းပင်လုံးတွေ ပိတ်ဆို့ချ ထားတဲ့ သံလမ်းလုပ်သားတစ်ဦးကို ဖမ်းဆီးခဲ့ရကြောင်း သတင်း တစ်ပုဒ် ကြားကောင်းကြားလိုက်ကြမှာပါ။ ခင်ဦးမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မီးရထား သံလမ်းလုပ်သားတစ်ဦးဟာ သူ့လုပ်ငန်းထဲမှာ တခြားအလုပ်သ မားတစ်ဦးနဲ့စကားများတယ်။ အဲဒီလို စကားများ၊ ရန်ဖြစ်လို့ လက်ရှိလုပ်နေတဲ့နေရာကနေ တခြားဘူတာ အခြေပြုလုပ်ငန်းတစ် ခုကို ပြောင်းရွှေ့ခံခဲ့ရသလို လစာကြိုတင်ငွေ တောင်းထားတဲ့ကိစ္စ ကိုလည်း သူ့အထက်အရာရှိက ထုတ်မပေးတော့ပါဘူးတဲ့။ ဒါကို သူ့ပြဿနာနဲ့သူ ပုဂ္ဂိုလ်ရေးအရ မကျေနပ်တဲ့ အဲဒီလူ ငယ်အမျိုးသားက ဘာမှမဆိုင်တဲ့ရထားသံလမ်းပေါ်မှာ ထန်းပင်လုံး နှစ်လုံးနဲ့ ကျောက်တုံးကို မဆင်မခြင် ချထားခဲ့တာပဲဖြစ်ပါတယ်။

မြစ်ကြီးနားကနေ မန္တလေးကို မောင်းနှင်လာတဲ့ လူစီးရထားဟာ ခင်ဦးမြို့နယ်၊ မဒေါင်းလှဘူတာနဲ့ ခင်ဦးဘူတာကြားမှာ ထန်းပင်လုံးတွေ ကန့်လန့်ချထားတာကို တွေ့ခဲ့ရပြီး စက်ခေါင်း မောင်းအနေနဲ့ ရထားကိုအချိန်မီ ရပ်တန့်နိုင်ခဲ့လို့သာ အတိမ်းအ စောင်း၊ အလွဲအချော် မဖြစ်ခဲ့ရတာပါ။ အများပြည်သူနဲ့သက်ဆိုင်တဲ့ ရထားသံလမ်းပေါ်မှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ တားဆီး၊ ပိတ်ဆို့တဲ့အလုပ်ဟာ တရား ဥပဒေအရ ငြိစွန်းမှုရှိသလိခရီးသွားပြည်သူတွေ အတွက်လည်း တကယ့်ကို အန္တရာယ်များတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကိုမှ ကိုယ်နဲ့ပြဿနာရှိသူကို မကျေနပ်တာနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ရထားလမ်းကို ဟန့်တားနှောင့်ယှက်တယ်ဆိုတာဟာ အတော် လေးကို အသိဉာဏ်မဲ့ပြီး မိုက်မဲလွန်းရာကျပါတယ်။

ဘာမဟုတ်တဲ့ လမ်းကြားမှာ မတော်တဆ လူချင်းတိုက်မိတာ လောက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ခုတ်ကြ၊ သတ်ကြ၊ အမွေကိစ္စ အငြင်းပွားတာလောက်နဲ့ ဖခင်အရင်းက ကိုယ့်သားကို ပြန်သတ်လိုက်နဲ့ . . .အဲဒီလိုမျိုး အဆင်ခြင်မဲ့လုပ်ရပ်တွေဆိုတာ လည်း ခုနောက်ပိုင်းမှာ မကြားချင်မှအဆုံးဆိုသလိုပါ။

တချို့ လူတွေက ဒီကိစ္စတစ်ခု လုပ်လိုက်ရင် အကျိုးဆက်က ဘာဖြစ်လာနိုင်လဲ၊ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလား . . .စ သဖြင့် ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာ၊ ဗဟုသုတနည်းပါးတာ ကြောင့် အသိဉာဏ်မဲ့လုပ်ရပ်တွေ လုပ်ကြတယ်။ တချို့ကျတော့ နေရာတကာမှာ ကိုယ့်ဖို့၊ ကိုယ့်မိသားစုဖို့ ဆိုသလို ကိုယ်ရရင်၊ ကိုယ်သာရင် ပြီးရောဆိုတဲ့ မတော်လောဘ၊ မာန်မာနတွေကြောင့် ဆင်ခြင်မှုတွေ ပျောက်ဆုံးသွားကြတယ်။ တချို့ကျတော့လည်း ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းဆိုတဲ့ အဂတိတရား(၄)ပါးရဲ့ ခိုင်းစေမှုကြောင့် အဆိုးအ ကောင်း အကျိုးအကြောင်း မစဉ်းစားနိုင်တော့ဘဲ အဆင်ခြင်မဲ့ လုပ်ရပ်တွေ ကျူးလွန်ကြတယ်။

နောက်ဆုံးအဆင့် ကိုယ့်ဘာသာ၊ ကိုယ့်ဘုရားအတွက်ဆိုပြီး အသေခံ ဗုံးခွဲကြတဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒ ခေါင်းထောင် လာတယ်ဆိုတာဟာ လူသားတစ်ယောက်ရဲ့ ဆင်ခြင်နိုင်စွမ်း ပျောက် ဆုံးသွားလို့ပဲ မဟုတ်ပါလား။

လောကမှာ အသိဉာဏ်အရှိဆုံးသတ္တဝါလို့ဆိုတဲ့ လူသားတွေ အသိဉာဏ်မဲ့သွားပြီဆိုရင် ဉာဏ်နည်းတဲ့ တိရစ္ဆာန်တွေထက် ပိုကြောက်ဖို့ကောင်းသွားတတ်ပါတယ်။

(၄)
‘လူသားနဲ့ အသိဉာဏ်’အကြောင်းနဲ့ ပတ်သက်လို့ ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ ဂရိဒဏ္ဍာရီတွေမှာ နတ်အပေါင်းတို့ရဲ့ဘုရင် ဇုစ်နတ်မင်းကြီးဆိုတာ ရှိတယ်။ ဇုစ်နတ်မင်းကြီးဟာ မိုးကောင်းကင်ကို အုပ်စိုးရုံသာမက တိုင်းပြည်မြို့ရွာနဲ့ လူတွေကိုပါ စောင့်ရှောက်ပေးတတ်တယ်လို့ ဂရိတွေက ယုံကြည်ကြတယ်။

အစွမ်းတန်ခိုးကြီးမားတဲ့ ဇုစ်နတ်မင်းကြီးဟာ တစ်ခါမှာတော့ သတ္တဝါတွေကိုခေါ်ပြီး သူတို့နဲ့ထိုက်တန်ရာ အစွမ်းသတ္တိတွေ ချီး မြှင့်ပေးတယ်လို့ဆိုပါတယ်။ ဥပမာအနေနဲ့ မြွေဆိုရင် ပြင်းထန်တဲ့ အဆိပ်၊ ငါးဆိုရင် ရေထဲမှာ ရှင်သန်ရပ်တည်နိုင်တဲ့ အစွမ်းသတ္တိ၊ မြင်းဆိုရင်လည်း သူတကာထက် လျင်မြန်အောင် ပြေးနိုင်တဲ့အစွမ်း၊ ငှက်ဆိုရင်လည်း လေထဲမှာ ပျံဝဲနိုင်စွမ်းရှိတဲ့ အတောင်ပံ တွေ . . .ဆိုသလိုမျိုးပေါ့။ တန်ရာတန်ရာ အစွမ်းသတ္တိတွေကို ပေးလိုက်တာ ဖြစ်ပါတယ်။
ဖြစ်ချင်တော့ တိရစ္ဆာန်တွေနဲ့အတူ နတ်မင်းကြီးဆီ ရောက် လာသူတွေထဲမှာ လူသားဆိုတဲ့သတ္တဝါ ပါလာတယ်။

ဒါနဲ့ ‘ကျွန်တော်မျိုးကိုလည်း အစွမ်းတန်ခိုး၊ လက်ဆောင်တစ်ခုခု ချီးမြှင့်ပါ’ ဆိုပြီး လူသားက တောင်းတာပေါ့။ ‘ငါမင်းကို ပေးပြီးပြီ၊ မင်း မသိလိုက်လို့ပါ’လို့ ဇုစ်နတ်မင်းကြီးက ဖြေတဲ့အချိန်မှာ လူသားက အံ့သြသွားပြီး ဘာမှ မရသေးကြောင်း စောဒကတက်ပြန်တယ်။ ဒီအချိန်မှာ ကိုယ့်ကို ဘာပေးလို့ပေးထားမှန်းမသိတဲ့ လူသား ရဲ့စောဒကတက်မှုအပေါ် ဇုစ်နတ်မင်းကြီးက အခုလို ပြန်ပြော လိုက်ပါသတဲ့။

‘ငါ မင်းကို တခြား တိရစ္ဆာန်တွေအားလုံး၊ သတ္တဝါတွေ အားလုံးထက် ပိုတဲ့ ဆင်ခြင်ဉာဏ်ဆိုတဲ့ လက်ဆောင် ပေးပြီးပြီ။ အဲဒီ ဆင်ခြင်ဉာဏ်ကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် လူဟာ အားလုံးထက်ပိုပြီး စွမ်းနိုင်လိမ့်မယ်’။

(၅)
လောကထဲမှာ လူသားအတွက် ပေးလိုက်တဲ့အရာဟာ ဆင် ခြင်ဉာဏ်ဖြစ်နေလို့ မသိသာသလို ဖြစ်နေတယ်ပဲ ပြောရမလား။ ဒါပေမဲ့ လူဟာ အဲဒီ ဆင်ခြင်ဉာဏ်ရှိလို့ ငှက်တွေထက် မိုင်ပေါင်းများစွာ ပျံသန်းနိုင်တဲ့ လေယာဉ်တွေ ဒီကနေ့ တီထွင် ထားနိုင်တာပါ။ ကြံဆတတ်တဲ့ တီထွင်ဉာဏ်ကြောင့်ပဲ မြင်း ထက်အပြေးမြန်တဲ့ စက်တပ်ယာဉ်တွေကို တီထွင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ငါးတွေထက် ပိုပြီး နက်နက်ငုပ်နိုင်တဲ့ ရေငုပ်သင်္ဘော ကြီးတွေ၊ မြွေလို အဆိပ်ရှိသတ္တဝါတွေထက် ပိုပြင်းထန်တဲ့ အဆိပ် လက်နက်တွေကို လူသားအနေနဲ့တီထွင်နိုင်တယ်ဆိုတာဟာလည်း တိရစ္ဆာန်တွေအားလုံးထက် ပိုသာတဲ့ ဆင်ခြင်ဉာဏ်၊ အမြော်အမြင် ကြောင့်ပဲ မဟုတ်ပါလား။

တကယ်လို့ လူသားဟာ သူရထားတဲ့ ဆင်ခြင်ဉာဏ်၊ လေ့လာ သင်ယူထားတဲ့ အသိပညာ၊ ဗဟုသုတနဲ့ တွေးဆမြော်မြင်မှု မလုပ် နိုင်ဘူးဆိုရင် ‘အိပ်၊ စား၊ ကာမ ဤသုံးဝ’ပဲ တတ်တယ်ဆိုတဲ့ တိရစ္ဆာန်တွေနဲ့ ဘာမှ ခြားနားတော့မှာမဟုတ်ပါဘူး။

လူဟာ ကိုယ့်တစ်ယောက်တည်းဆိုတာထက် ကိုယ့်မိသားစု၊ လူမှုအဖွဲ့အစည်းနဲ့နေထိုင် ရပ်တည်ရတဲ့ သတ္တဝါဖြစ်တာကြောင့် မိမိဘဝတစ်ဦးချင်းရဲ့ တိုးတက်မှုမှာဖြစ်စေ၊ မိမိတိုင်းပြည်တိုးတက် မှုမှာပဲဖြစ်စေ အဘက်ဘက်က တိုးတက်ဖို့ဆိုရင်တော့ ဉာဏ်အ မြော်အမြင်ရှိရှိနဲ့ ရှေ့ဆက်နိုင်ဖို့ သိပ်ပြီးအရေးကြီးပါတယ်။ လူတစ်ယောက် အသိပညာ၊ ဆင်ခြင်တုံတရားနည်းပါးပြီဆိုမှဖြင့် ကိုယ့်အဖေ ခေါင်းမှာလာနားနေတဲ့ ယင်ကောင်ကို တုတ်နဲ့ ရိုက်သတ်မိသူရဲ့အဖြစ်လို စေတနာမှန်တာတောင် လုပ်ရပ်မှားတဲ့ အဖြစ်မျိုးတွေ ပက်ပိုးတိုးနေကြရဦးမှာပါပဲ။

အထက်မှာ ဆိုခဲ့သလိုပေါ့။ တိရစ္ဆာန်နဲ့ လူနဲ့ အသိဉာဏ်ချင်း မတူပါဘူး။ အသိဉာဏ်ချင်း မတူတော့ ဆင်ခြင်စဉ်းစားပုံချင်း မတူပါဘူး။ စဉ်းစားပုံချင်း မတူတော့ ပြုမူလုပ်ဆောင်ပုံချင်း မတူပါဘူး။ အဲဒီလို ပြုမူလုပ် ဆောင်ပုံချင်း မတူတဲ့အတွက် ကိုယ်ကျင့်တရား၊ စောင့်စည်းမှုအပိုင်းမှာ ခြားနားပါတယ်။ ဒီအတွက် လူနဲ့တိရစ္ဆာန်ကြား ရရှိလာတဲ့ ကောင်းမှု၊ မကောင်းမှု အကျိုးဆက်တွေချင်းလည်း မတူညီနိုင်တော့တာပါ။

ဗုဒ္ဓဘာသာ လူမှုပတ်ဝန်းကျင်မှာတော့ သက်ဆိုင်ရာအရွယ်၊ နယ်ပယ်အလိုက် လောကလူသားတွေထားရှိရမယ့် စိတ်နေ သဘောထား၊ လူ့အသိတရား၊ အသိဉာဏ်ရှိရှိ ဆောင်ရွက်သွားရမယ့် တာဝန်၊ ဝတ္တရား၊ ကိုယ်ချင်းစာ မေတ္တာထားပြီး စောင့်စည်း ထိန်းသိမ်းရမယ့် လူ့ဂုဏ်သိက္ခာ၊ လူ့ကိုယ်ကျင့်တရားတွေအ ကြောင်း အစဉ်အဆက် ဆုံးမ၊ သင်ကြားထားခဲ့ပြီးသားပါ။ ခု နောက်ပိုင်း အသိဉာဏ်နဲ့ ဆင်ခြင်တုံတရား နည်းပါးလာတဲ့ ဇာတ်ပျက်လူ့အဖွဲ့အစည်းမှာ စောင့်စည်းထိန်းသိမ်းမှုတွေ အား နည်းလာတာကြောင့်သာ မလိုလားအပ်တဲ့ လူမှုပြဿနာတွေ တွေ့ ကြုံလာရတာပဲဖြစ်ပါတယ်။

‘ငါ မင်းကို တခြား တိရစ္ဆာန်တွေ၊ သတ္တဝါတွေ အားလုံးထက် ပိုတဲ့ ဆင်ခြင်ဉာဏ်ဆိုတဲ့ လက်ဆောင် ပေးပြီးပြီ’ဆိုတဲ့ ဂရိဒဏ္ဍာရီလာ ဇုစ်နတ်မင်းကြီးရဲ့စကားကို ပြန်ကြားယောင်ရင်း အသိဉာဏ်ပညာနဲ့ ယှဉ်သော လူ့အဖွဲ့အစည်းတစ်ခုဆီ သွားကြဖို့ ပြောလိုရင်းပါ။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top