Google Images ဖြစ်ပေါ်လာစေတဲ့ အစိမ်းရောင် Versace ဝတ်စုံကို ဂျနီဖာလိုပက်ဇ် တစ်ကျော့ပြန်ဆန်းသစ်ဝတ်ဆင်

yyl-003-9.jpg

ဂူဂဲလ်ကုမ္ပဏီကို ဓာတ်ပုံတွေရှာဖွေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖန်တီးဖို့ အတွေးပေါ်စေခဲ့တဲ့ အစိမ်းရောင် Versace ဝတ်စုံကို အမေရိကန်အဆိုတော် ဂျနီဖာလိုပက်ဇ်က တစ်ကျော့ပြန်ဆန်းသစ် ဝတ်ဆင်ခဲ့ပါတယ်။

အသက် ၅၀ ရှိတဲ့ ဂျနီဖာလိုပက်ဇ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ကျင်းပခဲ့တဲ့ မီလန်ဖက်ရှင်ရက်သတ္တပတ်မှာ Versace’s S/S 2020 ဖက်ရှင်ရှိုးအတွက် အစိမ်းရောင်ဝတ်စုံကို ဆန်းသစ်ဝတ်ဆင်ခဲ့တာပါ။ ဂျနီဖာလိုပက်ဇ်ဟာ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲ အခမ်းအနားမှာ Versace အစိမ်းရောင်ဝတ်စုံကို စတင်ဝတ်ဆင်ခဲ့တာပါ။ အဲဒီအခမ်းအနားအပြီးမှာ ဂျနီဖာလိုပက်ဇ်ရဲ့ ဓာတ်ပုံကို မြင်တွေ့ရဖို့ ဂူဂဲလ်မှာ ရှာဖွေသူ တော်တော်များများရှိခဲ့ပါတယ်။ ဂူဂဲလ်ကုမ္ပဏီကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပေမဲ့ ၂၀၀၁ ခုနှစ် ဇူလိုင်လကျမှ ဓာတ်ပုံသီးသန့်ရှာဖွေနိုင်တဲ့ Google Images ကို စတင်ဖန်တီးခဲ့တာပါ။

”ဂူဂဲလ်ကို စတင်ဖန်တီးတုန်းက ကွန်ပျူတာမှာ စာလုံးလေးနည်းနည်းပါးပါး ရိုက်ထည့်လိုက်တာနဲ့ အကုန်နီးပါး ရှာဖွေနိုင်လို့ လူတွေ အံ့သြခဲ့ကြတယ်။ အဲဒီအချက်က အားလုံးထက် သာစေတာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် ဂူဂဲလ်လောက်တော့ မကောင်းသေးဘူးပေါ့။ ဂူဂဲလ်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ လာရီပေ့နဲ့ ဆာဂျီဘရင်တို့က အောင်မြင်တဲ့ တခြားတီထွင်သူတွေလိုပဲ ဂူဂဲလ်ကို ပိုပိုပြီး ကောင်းလာအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့က ဝက်ဘ်ဆိုက်မှာ ဓာတ်ပုံတွေ ထပ်ဖြည့်တယ်။ နောက်ပိုင်းမှာ လူတွေက စာသားထက် ဓာတ်ပုံတွေ ပိုရှာလာကြတယ်။ ၂၀၀၀ ပြည့်နှစ် ဂရမ်မီဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ် ဝတ်ခဲ့တဲ့ အစိမ်းရောင်ဝတ်စုံကနေ စခဲ့တယ်ထင်ပါတယ်။ သူ့ဝတ်စုံက တကမ္ဘာလုံးကို ဖမ်းစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အဲဒီအချိန်တုန်းက အဲဒီဓာတ်ပုံကို ရှာဖွေသူ အများဆုံးပါပဲ။ အဲဒီကစပြီး Google Images Search မွေးဖွားလာတာပါ”လို့ ဂူဂဲလ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ်ရှမစ်က ပြောပါတယ်။ ဂျနီဖာလိုပက်ဇ်ရဲ့ အခုနောက်ဆုံး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်မှုပုံရိပ်ကို လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုမှု အကြိမ်ရေ (၂)သန်းကျော် ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top