လုဗ်ပြတိုက်ရှေ့က မှန်စီပိရမစ်ကို ဒီဇိုင်းဆွဲခဲ့တဲ့ ဗိသုကာပညာရှင် ကွယ်လွန်

60730542_2380563388641234_7608828499540836352_n.jpg

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ လုဗ်ပြတိုက်အပြင်ဘက်မှာ တည်ဆောက်ထားတဲ့ မှန်စီပိရမစ် အပါအဝင် အဆောက်အအုံ တော်တော်များများ တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင် အိုင်အမ်ပိန်(I M Pei)ဟာ အသက် (၁၀၂) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အိုင်အမ်ပိန်ရဲ့ဒီဇိုင်းတွေဟာ တိကျတဲ့ဂျီသြမေထရီအယူအဆ၊ ပြင်ညီမျက်နှာပြင်နဲ့ သဘာဝအလင်းရောင်ဝင်အောင် တည်ဆောက်ထားလို့ နာမည်ကျော်ကြားပါတယ်။ အိုင်အမ်ပိန်ကို ၁၉၁၇ ခုနှစ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ မွေးဖွားခဲ့ပြီး အသက် (၁၈) နှစ်အရွယ်မှာ
အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူဟာ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၊ MIT နဲ့ ဟားဗက်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့သူပါ။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်အစိုးရအတွက် သုတေသနသိပ္ပံပညာရှင်အဖြစ် လုပ်ပေးခဲ့တဲ့ အိုင်အမ်ပိန်ဟာ ၁၉၅၅ ခုနှစ်မှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခဲ့ပါတယ်။ အသက်ကြီးတဲ့အထိ ဗိသုကာပညာရပ်ကို မြတ်နိုးတန်ဖိုးထားတဲ့ အိုင်အမ်ပိန်ဟာ ကာတာနိုင်ငံ ဒိုဟာမြို့က အစ္စလာမ်ပြတိုက်ကို အသက် (၈၀) ကျော်မှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ (၂၀) ရာစုရဲ့ အကျော်ကြားဆုံး ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ အိုင်အမ်ပိန်ဟာဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး မြောက်အမေရိက၊ အာရှနဲ့ ဥရောပတိုက်တွေမှာ မြူနီစီပယ်အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေနဲ့ တခြားအဆောက်အအုံတွေ တည်ဆောက်ပေးခဲ့သူပါ။ တရုတ်နိုင်ငံက ဆူကျိုးပြတိုက်ကိုလည်း သူပဲ တည်ဆောက်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top