အခြားသူတွေကို ကင်ဆာရောဂါအကြောင်းအသိပညာဝေမျှနေတဲ့ ကင်ဆာရောဂါကျော်လွှားနိုင်ခဲ့သူ

18-5-2022-yyl-02.jpg

ဆိုဖီယာ ဗာဂါရာဟာ ဟောလိဝုဒ်မှာ ကျော်ကြားတဲ့ ကိုလံဘီယာ-အမေရိကန်နိုင်ငံသားမော်ဒယ်မင်းသမီးတစ်ယောက်၊ ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးတွေထဲကတစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။ လက်ရှိ အသက် ၄၉ နှစ်ရှိပါပြီ။ အသက် ၂၈ နှစ်အရွယ်မှာ ဆိုဖီယာဟာ သိုင်းရွိုက်ကင်ဆာကို ခံစားခဲ့ရပေမဲ့ တွန်းလှန်ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူကင်ဆာရောဂါခံစားခဲ့ရတယ်ဆိုတာကိုတော့ သူရောဂါပျောက်ကင်းသွားတဲ့အချိန်မှ ထုတ်ပြောပြခဲ့တာပါ။

Stand Up to Cancer (၂၀၀၈ခုနှစ်ကတည်းက ကင်ဆာတိုက်ဖျက်ဖို့ ရန်ပုံငွေရှာပေးနေတဲ့ ပရိုဂရမ်) မှာ ဆိုဖီယာက တွဲဖက်အစီအစဉ်မှူးအဖြစ် ပါဝင်ခဲ့ပြီး ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်ခဲ့သူအဖြစ် ပြယုဂ်ဖြစ်ခဲ့ပါတယ်။ သူက ကင်ဆာရောဂါဖြစ်နေမှန်း စသိခဲ့ရတဲ့အချိန်ကို အခုလို ထုတ်ပြောပြခဲ့ပါတယ်။

“အသက် ၂၈ နှစ်မှာ ပုံမှန်ဆေးစစ်မှုခံယူဖို့ လာရင်း ဆရာဝန်က ကျွန်မရဲ့လည်ပင်းက အကျိတ်အဖုကို တွေ့ခဲ့တယ်။ ကျွန်မ့ကို ကင်ဆာဆိုတဲ့စကားလုံး ဆရာဝန်တွေ ပြောလိုက်တဲ့အချိန် အရမ်းကြောက်မိခဲ့တယ်။ ကျွန်မ စာအုပ်တွေအကုန်ဖတ်ပြီး အဲဒီကင်ဆာအကြောင်း သိနိုင်သမျှ ရှာဖွေခဲ့တယ်။ ကင်ဆာရှိတာ စောစောသိပြီး ဆရာဝန်တွေရဲ့ပံ့ပိုးကူညီမှုရခဲ့လို့ ကံကောင်းသွားတယ်။ ဓာတ်ရောင်ခြည်ကုသမှုကတော့ မရေတွက်နိုင်အောင်ပါပဲ။ နောက်ဆုံးမှာ ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့တယ်။ အခုဆို ကိုယ့်ကိုယ်ကို ကင်ဆာရောဂါတွန်းလှန်နိုင်သူအဖြစ် ခေါ်ဆိုနိုင်ခဲ့ပါတယ်”

၂၀၁၁ခုနှစ်မှာ ကင်ဆာရောဂါပျောက်သွားတဲ့အထိ သူ့ရဲ့ရောဂါကို လျှို့ဝှက်ထားခဲ့တယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။ သူက “ကင်ဆာရောဂါရှိတာကို လူသိရှင်ကြားမပြောချင်ခဲ့ဘူး၊ ရောဂါရှိတာက ပျော်စရာမဟုတ်ဘူး၊ ရောဂါကို ရင်ဆိုင်ကျော်လွှားနေစဉ်မှာ တခြားဘာကိုမှ အာရုံမစိုက်ချင်ခဲ့ဘူး”လို့ ပြောပါတယ်။ ဆိုဖီယာက “ခက်ခဲတဲ့အချိန်တွေမှာ အားလုံး အတူတူရှိနေရတာ အကောင်းဆုံးပဲ။ ဉီးစားပေးမှုတွေ ပြောင်းလဲသွားတယ်။ အသေးအမွှားကိစ္စတွေအပေါ် စိတ်မပူပန်နဲ့” ဆိုတာကို သူ့ရဲ့အတွေ့အကြုံကနေ သိရှိခဲ့ရပါတယ်။

ဆိုဖီယာက Sigur el Guion ကမ်ပိန်းလှုပ်ရှားမှုမှာလည်းပါဝင်ခဲ့ပြီး လူတွေကို သိုင်းရွိုက်ကင်ဆာအကြောင်း အသိပညာပေးခဲ့ပါတယ်။ သူက လက္ခဏာရပ်တချို့ကို ခံစားရရင် ဆရာဝန်ဆီသွားဖို့၊ ကိုယ့်ကိုယ်ကိုယ် အသိပညာပေးဖို့ အရေးကြီးတယ်၊ အထူးသဖြင့် သိုင်းရွိုက်ပြောင်းလဲမှုကြောင့် သွေးဆုံးတာနဲ့ ကိုယ်ဝန်ရှိတာလို ဘဝမှာ ပြောင်းလဲမှုတွေအရမ်းများတဲ့ အမျိုးသမီးတွေပါ၊ ကင်ဆာရှိတယ်လို့ သိရတဲ့အချိန် မထိတ်လန့်ဘဲ ကိုယ့်ကိုယ်ကို ကင်ဆာအကြောင်းနဲ့ပတ်သက်ပြီး အသိပညာကြွယ်ဝအောင်လုပ်ပါ”တဲ့။

ဆိုဖီယာက သူ့ရဲ့မွေးရပ်မြေ Barranquilla မြို့မှာ ဆေးဘက်ဆိုင်ရာစင်တာတစ်ခုဆောက်လုပ်နေတဲ့ အဖွဲ့အစည်းကိုလည်း စပွန်ဆာပေးခဲ့ပါတယ်။ “ကျွန်မ ကိုလံဘီယာနိုင်ငံက ဆေးရုံတစ်ရုံရဲ့ကင်ဆာလူနာအဆောင်ကို သွားလည်ခဲ့တယ်။ ကလေးတွေ ဆေးကုသမှုခံယူနေစဥ် သူတို့ရဲ့မိဘတွေက ကြမ်းပြင်မှာ ထိုင်နေတာကို မြင်ခဲ့ရတယ်။ မင်းက အ​မေတစ်ယောက်ဖြစ်ပြီး ​မင်းရဲ့ကလေးဖျားနာနေတယ်ဆိုရင် အဲဒါကို မင်းကိုယ်တိုင် ခံစားမိမှာပါ။ မိဘတွေအတွက် သက်တောင့်သက်သာဖြစ်မယ့်နေရာတစ်ခုကို ကျွန်မ တည်ဆောက်ပေးချင်တယ်”လို့ ဆေးဘက်ဆိုင်ရာစင်တာအတွက် စပွန်ဆာပေးခဲ့ချိန်က ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ဆိုဖီယာက ကင်ဆာရောဂါတိုက်ဖျက်ရေးအသိပညာမျှ​ဝေတာအပြင် American Got Talent အစီအစဥ်မှာလည်း ဒိုင်အဖြစ်ဆောင်ရွက်နေပါတယ်။

Ref: Brightside ““Today, I Can Call Myself a Cancer Survivor,” Sofia Vergara Won the Battle and Now Helps Others”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top