သူ့နေရာမှာ ကိုယ်သာဆိုရင်

3-7-2020-yyl-020.jpg

ဒီနေ့ဈေးထဲမှာ ငါးဝယ်ပြီးတော့ လိုတာလေးတွေ ထပ်ဝယ်ဖို့ ဈေးထဲပတ်ကြည့်နေတုန်းမှာ … ဂေါ်ရခါးညွှန့်၊ ဖရုံညွန့်နဲ့ ခရမ်းသီးတွေရောင်းနေတဲ့ ဈေးသည်သားအမိကို သတိထားမိလိုက်တယ်

..သူတို့မျက်နှာပေါ်မှာ အဆင်မပြေနွမ်းပါးနေတဲ့ပုံရိပ်တွေနဲ့…ဈေးသည်က အသက်အလတ်ပိုင်း ဖြစ်ပြီး ကလေးက ၁၀ နှစ်လောက် ရှိပါပြီ…

သူ့ဆီက ဂေါ်ရခါးညွှန့် ငါးရာဖိုး ကျွန်မ ဝယ်လိုက်တယ်။ တခြားတစ်ယောက်ကလည်း ဖရုံညွန့်ငါးရာဖိုး ဝယ်ပြီး ကျွန်မတို့ ပိုက်ဆံရှင်းလိုက်တဲ့အချိန်မှာ ဈေးသည်ရဲ့ မျက်ဝန်းထဲမှာ ခဏတာပျော်ရွှင်သွားတဲ့ ပုံရိပ်တချို့ကို တွေ့မိလိုက်ပါတယ်…

အဲဒီဈေးသည်ရဲ့ပုံရိပ်တချို့ကြောင့် ကျွန်မရင်ထဲမှာ သိပ်နာကျင်သွားမိတယ်… ပင်ပန်းနွမ်းလျနေတဲ့ သက်ကြီးရွယ်အို ဈေးသည်တွေ၊ ဝယ်သူကိုမျှော်နေတဲ့ အဆင်မပြေနွမ်းပါးတဲ့ ဈေးသည်တွေကို ကျွန်မ ဈေးသွားတဲ့အခါတွေ့မိတိုင်း ဝမ်းနည်းရတယ်…

ကျွန်မရဲ့ဘဝမှာလည်း အဆင်မပြေမှုတွေကို နှစ်ရှည်လများ ကြုံတွေ့ခဲ့ဖူးပါတယ်…ဒီဈေးသည်တွေလို ဈေးရောင်းရတာမဟုတ်ပေမဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်ပြီး မထင်မှတ်ဘဲ အရှုံးတွေအများကြီးနဲ့အချိန်ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ရဖူးတယ်…

အဆင်ပြေတဲ့အချိန်မှာ Louis Vitton (LV) အိတ်နဲ့ ဈေးဝယ်ထွက်နိုင်ခဲ့ပေမဲ့ အရှုံးတွေ၊ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာတော့ ရွှေဆိုင်က လက်ဆောင်ပေးတဲ့ အိတ်အဟောင်းလေးနဲ့ပဲ မပြည့်မစုံ ဈေးဝယ်ထွက်ခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့တာပါပဲ…

ကျရှုံးခဲ့တဲ့ အချိန်တွေမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် အဆင်မပြေနွမ်းပါးတဲ့သူတွေ အထူးသဖြင့် ဈေးသည်တွေလို အသေးစားကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတဲ့သူတွေကို အရမ်းပဲ ကိုယ်ချင်းစာတတ်လာခဲ့ပါတယ်…

အဆင်မပြေတဲ့သူဆိုတာကို မြင်ရုံနဲ့ နှလုံးသားက အလိုလို သိနိုင်လာတယ်…

ကိုယ်က အဆင်မပြေခြင်းတွေနဲ့ ကြုံခဲ့ရဖူးတဲ့သူမို့ ဘဝမှာ အဆင်မပြေသူ၊ ကျရှုံးရသူတွေကို တွေ့မိတိုင်း…သူတို့ရဲ့အခက်အခဲတွေကို တွေးမိရင်း သိပ်ကို နာကျင်ခံစားရပါတယ်…

“သူ့နေရာမှာ ကိုယ်သာဆိုရင်” ဆိုတဲ့စိတ်နဲ့ပေါ့…။

May Aster မေအက်စတာ (ရိုးရာလေးပရိသတ်)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top