ပင်လယ်စာပဲကြာဇံသုပ် သုပ်စားရအောင်

3-7-2020-yyl-021.jpg

အခုလို မိုးရာသီမှာ ပင်လယ်စာတွေ လှိုင်လှိုင်ပေါ်နေပြီနော်။ အထူးသဖြင့် ပင်လယ်ကမ်းနီး ဒေသတွေမှာဆို ပင်လယ်စာ ရှယ်စားရပါတယ်။ ဒါကြောင့် ရိုးရာလေးပရိသတ်တွေကို ပင်လယ်စာရနံ့လေးမွှေးပြီး ရှူးရှဲအရသာနဲ့ ထိုင်းစတိုင် ပဲကြာဇံသုပ်နည်းလေး ပြောပြချင်ပါတယ်။

ဒီနေ့ချက်မယ့် မီနူးထဲမှာ ထည့်သွင်းစဉ်းစားလိုက်တော့နော် အိမ်ရှင်မတို့ရေ…

ပါဝင်ပစ္စည်းတွေက ပဲကြာဇံ ၁၅ ကျပ်သား၊ ကင်းမွန် ၂၀ ကျပ်သားပုစွန် ၂၀ ကျပ်သား၊ ကြက်သွန်နီ ၃ လုံး၊ ခရမ်းချဉ်သီး ၄ လုံး၊ သံပုရာသီး ၄ လုံး၊ ငရုတ်သီးစိမ်း ၁၀ တောင့်၊ ကြက်သွန်ဖြူ အမွှာကြီး ၇ မွှာ၊ ငံပြာရည် ထမင်းစားဇွန်း ၈ ဇွန်း၊ သကြား ထမင်းစားဇွန်း ၃ ဇွန်း၊ နံနံပင်၊ ပင်စိမ်း တို့ဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကိုကြည့်ရအောင်ပါ

၁။ ပဲကြာဇံကို တစ်နာရီခန့်ရေထဲမှာ ကြိုစိမ်ထားပါ။ ပုစွန်ကို ကျောခွဲပြီး သန့်စင်ထားပါ။ ပြည်ကြီးငါးကို လက်နှစ်ဆစ်ခန့် အရွယ်လှီးပြီး မွှန်းထားပါ။

၂။ ပဲကြာဇံသုပ်အတွက် လိုအပ်တဲ့ ဆော့စ် ပြုလုပ်ဖို့အတွက် ငြုပ်သီးစိမ်း နဲ့ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ပန်းကန်လုံးထဲမှာ ငံပြာရည် ၊ ငြုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ထောင်းပြီးသားထည့်ပြီး သံပုရာရည်ညှစ်ပါ။ သကြားထည့်ပြီးမွှေလိုက်ရင် ဆော့စ်ရပါပြီ။

၃။ ရေစိမ်ထားတဲ့ ပဲကြာဇံတွေကို ရေပူထဲမှာ ၅ စက္ကန့်လောက် ရေနွေးဖျောပေးပါ။ ပဲကြာဇံ အရောင်က အကြည်ရောင် ပြောင်းသွားပြီဆိုရင် ရေအေးဇလုံထဲ ပြောင်းစိမ်ပြီး ခဏထားပါ။ ပြီးတော့မှ ပြန်ဆယ်ကာ ရေစစ်ထားပါ။

၄။ ရေနွေးဆူတဲ့အိုးထဲမှာဆားနည်းနည်းခပ်ပြီး ပြည်ကြီးငါးထည့်ပြုတ်ပါ။ ပြီးတော့မှ ပုစွန်ထည့်ပါ။ စက္ကန့် ၂၀ လောက်ကြာရင် ရေနွေးထဲက ဆယ်ယူပြီး ရေစစ်ထားပါ။

၅။ ဇလုံထဲမှာ ပဲကြာဇံ ၊ ပင်လယ်စာတွေကို ထည့်ပြီး အပေါ်ကနေ ဆော့စ်ဆမ်းပါ။ ဆော့စ်ကနည်းနေတယ်ဆိုရင် ပင်လယ်စာပြုတ်ထားတဲ့ အရည်ဆမ်းလို့ရပါတယ်။

၆။နောက်ဆုံးမှာ လှီးထားတဲ့ ကြက်သွန်ကွင်း နဲ့ ခရမ်းချဉ်သီးထည့်နယ်ပါ။ နံနံပင် ၊ ပင်စိမ်းကြိုက်သူတွေကလည်း အပေါ်က ဖြူးပြီးစားလို့ရပါတယ်။
(အရသာအနေနဲ့ အပေါ့အငံမြည်းပြီး အချဉ်လိုရင် သံပုရာရည် ၊ အငံလိုရင် ငံပြာရည်ထည့်နိုင်ပါတယ်)

ကဲ….စားကောင်းတဲ့ ပင်လယ်စာပဲကြာဇံကို ဆိုင်သွား မစားဘဲ အိမ်မှာပဲ လုပ်စားလိုက်တော့နော်။ Yummy!

Ref: Glass Noodle Seafood Salad

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top