ဥပဒေကို မလိုက်နာဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော

27-1-2021-yyl-47.jpg

”တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ်တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်တာပဲ”

ရန်ကုန် ဇန်နဝါရီ ၂၇

ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်စေပြီးတော့ ဥပဒေကို မလိုက်နာဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို ဇန်နဝါရီ ၂၇ ရက်(ဒီနေ့)မှာ Video Conferencing နဲ့ အမှာစကားပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

”ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့ လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရ မယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပစ်ရမယ်။

ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကို ဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက် တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ၊ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာ အင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခုအနေနဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်းထဲမှာ ရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဥပဒေက အငြင်းပွားစရာဖြစ်လာပြီဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရ ပြီးတော့ ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ဆိုလို့မရဘူးလို့လည်း သူက ဆိုထားပါတယ်။
”ဥပဒေတစ်ခု ပြဌာန်းပြီဆိုရင် ဒီဥပဒေကို ဘာကြောင့် ပြဌာန်းလဲဆိုတာရှင်းရမယ်။ ပုဒ်မတစ်ခုချင်းမှာလဲ သူ့ရဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒီပုဒ်မ ဒီလိုအကြောင်းအရာဆိုထားတာ ဘာကိုရည်ရွယ်ပြီးရေးထားတာ ရှင်းလင်းချက်တွေရှိတယ်။ ဒီရှင်းလင်းချက်တွေက ဥပဒေထဲမှာလည်း မပါဘူး။ သို့သော် နောက်ခံဆွေးနွေးတဲ့အထဲမှာ ပါလာတယ်။ အတည်ပြုထားတယ်။ ဥပဒေကတော့ အကျဥ◌်းပဲ။ ဒါပေမဲ့ သူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ အကျယ်တွေရှိတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော်ဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တဲ့အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမယ်လို့လည်း မှာကြားခဲ့ပါတယ်။

Source & Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top