ကလေးငယ် ၉၉ ဦး သေဆုံးခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးအားလုံးနဲ့ ဆေးရည်ရောင်းချမှု ဆိုင်းငံ့

19-10-2022-yyl-25.jpg

အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၁၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် ချောင်းဆိုးပျောက်ဆေးအားလုံးနဲ့ ဆေးရည်ရောင်းချမှုကို ဆိုင်းငံ့လိုက်ပါပြီ။ ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ် ၇၀ နီးပါး သေဆုံးမှုက ချောင်းဆိုးပျောက်ဆေးနဲ့ ဆက်နွှယ်နေတာ တွေ့ရှိခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ချောင်းဆိုးပျောက်ဆေးတချို့မှာ ပါဝင်တဲ့ပစ္စည်းဟာ ကျောက်ကပ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေမှုနဲ့ ဆက်နွှယ်နေတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဆိုပါတယ်။ အခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျောက်ကပ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုကြောင့် ကလေးငယ် ၉၉ ဦး သေဆုံးခဲ့တာပါ။

အဲဒီဆေးကို ပြည်ပကနေ မှာယူတင်သွင်းတာလား၊ ပြည်တွင်းဖြစ် ထုတ်လုပ်တာလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ကျောက်ကပ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးတဲ့ ကလေးငယ် ၂၀၀ ဝန်းကျင်ရှိပြီး အများစုက အသက် ၅ နှစ်အောက်အရွယ် ရှိသူတွေလို့ အောက်တိုဘာလ ၂၀ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ် ၇၀ နီးပါး သေဆုံးမှုနဲ့ ဆက်နွှယ်နေလို့ အခုလအစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ချောင်းဆိုးပျောက်ဆေး ၄ မျိုးကို ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီချောင်းဆိုးပျောက်ဆိုးတွေမှာ diethylene glycol နဲ့ ethylene glycol ပါဝင်မှုပမာဏက လက်မခံနိုင်စရာ များပြားတယ်လို့ WHO က တွေ့ရှိခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတချို့မှာလည်း အလားတူ ဒြပ်ပေါင်းတွေ ပါဝင်နေတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ ကလေးငယ် ဘယ်နှစ်ယောက်က ဆေးအဆိပ်သင့်ပြီး သေဆုံးခဲ့လဲဆိုတာကိုတော့ သူက ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

ဆေးအဆိပ်သင့်ပြီး သေဆုံးခဲ့တဲ့ ကလေးငယ်အရေအတွက်က ထင်ထားတာထက် ပိုများလိမ့်မယ်လို့ ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ အင်ဒိုနီးရှားအာဏာပိုင်တွေက ကလေးငယ်တွေ ကျောက်ကပ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တဲ့ ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ်တွေကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

Ref: Indonesia bans all syrup medicines after death of 99 children

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top