အလုပ်အကိုင်ဖန်တီးရေးဥပဒေသစ်ကြောင့် အင်ဒိုနီးရှားမှာ လူထောင်ချီ ဆန္ဒပြ

8-10-2020-yyl-040.jpg

အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ အလုပ်အကိုင်ဖန်တီးရေးဥပဒေသစ်နဲ့ပတ်သက်ပြီး အလုပ်သမားတွေက ၃ ရက်ဆက်တိုက် ဆန္ဒပြနေကြပါတယ်။ မြို့တော် ဂျာကာတာမြို့အပါအဝင် မြို့တော်တော်များများမှာ သပိတ်မှောက်မှုနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ချီ ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ကလည်း လူရာချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အခုတစ်ပတ်အတွင်း အတည်ပြုခဲ့တဲ့ ဥပဒေသစ်က အလုပ်သမားတွေကိုရော၊ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေမလားဆိုတာ ဆန္ဒပြသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ကြိုးနီစနစ်ကို ဖယ်ရှားခဲ့တဲ့ အဲဒီဥပဒေသစ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အလုပ်သမားစည်းမျဉ်းစည်းကမ်းတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ကဏ္ဍအလိုက် အနိမ့်ဆုံးလစာ သတ်မှတ်မှုကို ဖျက်သိမ်းပြီး ဒေသဆိုင်ရာ အစိုးရတွေက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ဖို့ ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ အရင်တုန်းက အလုပ်သမားတစ်ယောက်ကို အလုပ်ထုတ်ရင် နစ်နာကြေးအဖြစ် အများဆုံး ၃၂ လစာအထိ ပေးလေ့ရှိပေမဲ့ အခုအခါမှာတော့ လုပ်ငန်းခွင်ဝင်တာ ဘယ်လောက်ကြာပြီလဲဆိုတဲ့အပေါ် မူတည်ပြီး အများဆုံးအနေနဲ့ ၁၉ လစာပဲ ပေးတော့မှာပါ။ဒါပေမဲ့ အစိုးရရဲ့ ရန်ပုံငွေသစ်အရ ပူပူနွေးနွေး အလုပ်လက်မဲ့ဖြစ်သူတွေကို ၆ လစာ ထပ်မံထောက်ပံ့ပေးသွားမှာပါ။

တစ်ရက်ကို အချိန်ပို ၄ နာရီအထိ ဆင်းခိုင်းခွင့်ရှိပြီး တစ်ပတ်ကို ၁၈ နာရီအထိ အချိန်ပိုဆင်းခိုင်းခွင့် ရှိပါတယ်။ လုပ်ငန်းတွေက အလုပ်သမားတွေကို တစ်ပတ် ၂ ရက် ပိတ်ရမယ့်အစား တစ်ပတ်၊ တစ်ရက်ပဲ ပိတ်ခွင့်ရှိတယ်လို့ အဲဒီဥပဒေသစ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကိုလည်း ဖြေလျှော့ထားပြီး ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့စီမံကိန်းတွေကို အန္တရာယ်ဖြစ်နိုင်ခြေ များတယ်လို့ သတ်မှတ်မှပဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု လေ့လာသုံးသပ်ချက် အစီရင်ခံစာ တင်ပြရမှာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရိုက်ခတ်မှု ပြင်းထန်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို ပံ့ပိုးကူညီဖို့အတွက် အခုလို ဥပဒေပြောင်းလဲပြင်ဆင်ဖို့ လိုတယ်လို့ အစိုးရက ပြောပါတယ်။ အစောပိုင်းမှာ ဆန္ဒပြပွဲတွေက ငြိမ်သက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေက မီးလောင်ဗုံးတွေ၊ ချွန်ထက်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားကြတဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့လူစုခွဲခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၄၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့သူ ၆ သန်းလောက် ရှိနေပြီး အခုအတည်ပြုခဲ့တဲ့ ဥပဒေသစ်ကြောင့် လူငယ် ၃ သန်းကို အလုပ်အကိုင် အခွင့်အလမ်းသစ် ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

BBC ” Indonesia: Thousands protest against ‘omnibus law’ on jobs”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top