မိုးရာသီမှာ ဖြစ်တတ်တဲ့ကူးစက်ရောဂါများနဲ့ ကာကွယ်နည်းများ

9-6-2-21-yl-49.jpg

ကိုဗစ်ရောဂါဖြစ်ပွားမှုက ကျွန်တော်လူသားတွေကို တော်တော်လေး ခက်ခဲစေခဲ့ပါတယ်။ ကိုဗစ်ရောဂါက ထပ်မံဖြစ်ပွားပျံ့နှံ့နေတဲ့အတွက် မကူးစက်ခံရဖို့အတွက် သတိထားပြီးနေထိုင်နေကြရပါတယ်။ အခုဆိုရင် မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် ကိုဗစ်ရောဂါအပြင် မိုးတွင်းမှာဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကိုလည်း သတိထားဖို့ အရေးကြီးလာပါပြီ။ မိုးရာသီမှာ ဖြစ်ပွားတဲ့ လေကတဆင့်ကူးစက်တဲ့ရောဂါတွေ၊ ရေကတဆင့်ကူးစက်တဲ့ရောဂါတွေ၊ ခြင်ကတဆင့်ကူးစက်တဲ့ရောဂါတွေရဲ့အန္တရာယ်ကိုလည်း စိုးရိမ်ရပါတယ်။ ကျွန်တော်တို့ဟာ အဲဒီကူးစက်ရောဂါတွေရဲ့အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် လုံခြုံဘေးကင်းစေဖို့အတွက် အပြင်းအထန်ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ မိုးရာသီမှာ ဘယ်လိုကူးစက်ရောဂါတွေအဖြစ်များလဲဆိုရင်

ခြင်ကတဆင့်ကူးစက်တဲ့ရောဂါများ

မိုးရာသီက ခြင်တွေပေါက်ဖွားတဲ့ရာသီလည်းဖြစ်ပါတယ်။ ခြင်ပေါက်ဖွားတာကြောင့် အောက်မှာဖော်ပြထားတဲ့ ကူးစက်ရောဂါတွေဖြစ်ပွားလာနိုင်ပါတယ်။

ငှက်ဖျားရောဂါ (Malaria)

ငှက်ဖျားရောဂါက မိုးတွင်းကာလမှာ ဖြစ်ပွားတတ်တဲ့ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါပဲ။ Plasmodium လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပွားရပါ။ ရေလမ်းကြောင်းနဲ့ စမ်းချောင်းတွေမှာ ခြင်တွေပေါက်ဖွားလာပြီး ကျွန်တော်တို့တွေက အဲဒီခြင်တွေရဲ့ကိုက်တာခံရကာ ငှက်ဖျားရောဂါဖြစ်လာရပါတယ်။ ရက်တော်တော်ကြာ အဖျားကြီးနေပါလိမ့်မယ်။

သွေးလွန်တုပ်ကွေးရောဂါ (Dengue)

ရေသေ၊ ရေပုပ်တွေမှာ ပေါက်ဖွားတဲ့ အေဒီးစ် အီဂျစ်ပ်တိုင်းခြင်ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ရတာပါ။ အဲဒီခြင်ကိုက်ခံရပြီးနောက် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရမယ့်အချိန်အတိုင်းအတာက (၄) ရက်ကနေ (၇) ရက်အထိဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ပထမဆုံးရောဂါလက္ခဏာရပ်က ဖျားနာတာနဲ့ ပင်ပန်းနွမ်းလျတာဖြစ်ပါတယ်။

ဆင်တုပ်ကွေး (Chikungunya)

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးရောဂါက အေဒီးစ်ခြင်ကျားကြောင့် ဖြစ်ရတာပါ။ ဒီခြင်တွေက ရေသေ၊ ရေပုပ်တွေမှာ ပေါက်ဖွားပြီး နေ့ဘက်မှာရော ညဘက်မှာပါ အကိုက်ခံရနိုင်ပါတယ်။

ခြင်ကတဆင့်ကူးစက်တဲ့ရောဂါအန္တရာယ်ကနေ ဘေးကင်းစေမယ့် နည်းလမ်းများ

  • သင့်အိမ်မှာ ခြင်ထောင်။ ခြင်လုံဇကာအသုံးပြုပါ
  • သင့်အိမ်ပတ်ဝန်းကျင်နဲ့ သင့်အိမ်မှာ ဘယ်နေရာမှာမှ ရေသေ၊ ရေပုပ်မရှိအောင် ရေဝပ်တာမဖြစ်အောင် ဂရုစိုက်ပါ
  • တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းပြီး ပုံမှန် အိမ်သန့်ရှင်းရေးလုပ်ပါ
  • အိမ်ထဲနေရင်ပဲဖြစ်ဖြစ် အိမ်အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ခြင်နိုင်ဆေးဖြန်းတာ (သို့) ခြင်မကိုက်ခံရတဲ့ခရင်မ်တွေကို အသုံးပြုပေးပါ

ရေကတဆင့် ကူးစက်တဲ့ရောဂါများ

ရေကတဆင့်ကူးစက်တဲ့ရောဂါတွေကလည်း မိုးတွင်းမှာ အဖြစ်များတဲ့ နောက်ထပ်ပြဿနာဖြစ်ပါတယ်။ ကလေးတွေက ကိုယ်ခံအားနည်းကြတဲ့အတွက် ဒီရောဂါတွေကို အလွယ်တကူကူးစက်ခံရနိုင်ပါတယ်။ ရေကတဆင့်ကူးစက်တဲ့ရောဂါတချို့ကတော့

အူရောင်ငန်းဖျားရောဂါ (Typhoid)

S. Typhi ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါက ရေကတဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး သန့်ရှင်းမှုအားနည်းတာကြောင့် ကူးစက်ခံရတာပါ။ ဖုံးအုပ်မထားတဲ့ အစားအစာတွေ၊ မသန့်ရှင်းတဲ့အစားအစာတွေစားတာ (သို့) မသန့်ရှင်းတဲ့ရေသောက်သုံးတာက အူရောင်ငန်းဖျားရောဂါဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းနှစ်ခုပါပဲ။ အူရောင်ငန်းဖျားရောဂါရဲ့ လက္ခဏာရပ်တွေက ခေါင်းကိုက်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ ဖျားနာတာနဲ့ လည်ချောင်းနာကျင်တာတွေဖြစ်ပါတယ်။

ဝမ်းရောဂါ (Cholera)

တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာနဲ့ မသန့်ရှင်းတဲ့အစားအစာတွေကြောင့် ဖြစ်တဲ့ ဝမ်းရောဂါကလည်း မိုးရာသီမှာ အဖြစ်များပါတယ်။ ဆီးဝမ်းသွားပြီး လှုပ်ရှားမှုအားနည်းသွားစေပါတယ်။

အသားဝါရောဂါ (Jaundice)

အသားဝါရောဂါကလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုအာနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ဖြစ်ရတာပါ။ အသည်းမှာ ပြဿနာဖြစ်လာပြီး အားနည်းတာ၊ ပင်ပန်းနွမ်းလျတာ၊ ဆီးဝါတာ၊ အော့အန်တာနဲ့ မျက်စိဝါတာတွေလို လက္ခဏာရပ်တွေရှိလာနိုင်ပါတယ်။

အသည်းရောင်အသားဝါ အေပိုးရောဂါ (Hepatitis A)

ဒီရောဂါက မသန့်ရှင်းတဲ့အစားအစာနဲ့ ရေတွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ အသည်းကို ပျက်စီးစေနိုင်တဲ့အပြင် အသည်းရောင်ရမ်းစေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်းလျတာ၊ ဖျားနာတာ၊ မျက်စိဝါတာ၊ ဝမ်းဗိုက်နာတာ၊ ဆီးအရောင်အနက်ရောင်ဘက်သန်းတာနဲ့ ရုတ်တရက်အစာစားချင်စိတ်မရှိတာတွေဖြစ်ပါတယ်။

ရေကတဆင့်ကူးစက်တဲ့ရောဂါအန္တရာယ်ကနေ ဘေးကင်းစေနိုင်မယ့် နည်းလမ်းများ

  • ချက်ပြုတ်မစားသောက်ခင်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို သန့်ရှင်းအောင် သေချာဆေးကြောပါ
  • အစားအစာတွေကို ဖုံးအုပ်ထားပါ
  • အပြင်စားတွေကို မစားသုံးပါနဲ့
  • တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားပါ။ ပတ်ဝန်းကျင်သန့်ရှင်းအောင်လည်း ထားပါ။ သင့်လက်တွေကို မကြာခဏ သန့်စင်ဆေးကြောပေးပါ
  • သင့်အိမ်ပတ်ဝန်းကျင်မှာ ရေမြောင်း၊ ရေပွက်တွေမဖြစ်အောင် ဂရုစိုက်ပါ
  • သင့်ကလေးတွေကို ရောဂါမကူးစက်အောင် အချိန်မီ ကာကွယ်ဆေးထိုးပေးပါ

လေကတဆင့်ကူးစက်တဲ့ရောဂါများ

ကိုယ်ခံအားနည်းတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက လေကတဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်နိုင်ခြေများပါတယ်။ လေကတဆင့်ကူးစက်တဲ့ရောဂါတွေကတော့

အအေးမိဖျားနာရောဂါ

အအေးမိဖျားနာရောဂါက မိုးရာသီမှာ အပူချိန်မညီမျှမှုကြောင့် ဖြစ်တဲ့ အဖြစ်များဆုံးကူးစက်ရောဂါဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်အားနည်းတာက ဒီလိုအသေးအမွှားကူးစက်ရောဂါတွေကို အလွယ်တကူဝင်ရောက်လာစေနိုင်ပါတယ်။ နှာစေးတာ၊ လည်ချောင်းနာတာ၊ ဖျားနာတာ၊ ချမ်းတုံတာစတဲ့ လက္ခဏာရပ်တွေဖြစ်လာနိုင်ပါတယ်။

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါက လူတစ်ဉီးကနေ တစ်ဉီး အလွယ်တကူကူးစက်ပျံ့နှံ့ပြီး လေကတဆင့် အလွယ်တကူ ကူးစက်တတ်ပါတယ်။

လေကတဆင့်ကူးစက်တဲ့ရောဂါအန္တရာယ်ကနေ ဘေးကင်းစေမယ့် နည်းလမ်းများ

  • သင် ချောင်းဆိုး၊ နှာချေတဲ့အခါတိုင်း ပါးစပ်နဲ့နှာခေါင်းတို့ကို ဖုံးအုပ်ထားပါ
  • နာရီအနည်းငယ်ကြာတိုင်း ရေနွေးနွေးလေး သောက်သုံးပေးပြီး အပြင်ထွက်တဲ့အခါ ရေဗူးဆောင်ထားပါ
  • ရောဂါဖြစ်နေတဲ့ လူတွေရဲ့အဝေးမှာ သင့်ကလေးကို ထားပါ
  • လက်နဲ့ခြေထောက်တွေကို အပြင်ကပြန်လာတိုင်း သေချာဆေးကြောသန့်စင်ပေးပါ
  • သင့်အိမ်ကို လေဝင်လေထွက်ကောင်းအောင် လုပ်ထားပါ

Ref: Apart from COVID, these are the illnesses you should be worried about right now

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top